
ချင်းပြည်နယ်မြောက်ပိုင်းကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ပြန်ဆင်လာနေပြီး ကနေဒီတောင် အပါအဝင် သိုင်းငင်းလမ်းမကြီးက နေရာတချို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ပေးလိုက်ရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊ တီးတိန်နဲ့ ကလေး-သိုင်းငင်းဘက်ကို စစ်တပ်က အင်အား ၃၀၀ စီပါတဲ့ စစ်ကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ထိုးစစ်ပြန်ဆင်လာလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပထမစစ်ကြောင်းတခုက တီးတိန်မြို့ ခလရ ၂၆၉ တပ်ကနေ ထွက်လာတာဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ပြန်သိမ်းနိုင်ခဲ့ပြီး ဒုတိယစစ်ကြောင်းက ကလေး-ဂန့်ဂေါလမ်းကနေ ဖလမ်းမြို့ကို တက်ဖို့ ပြင်နေတယ်လို့ လက်ရှိ တိုက်ပွဲဝင်နေတဲ့ တီးတိန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CDF-CDM-Siyin အဖွဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို အတည်ပြုပါတယ်။
“အခုလောလောဆယ် တီးတိန်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းက ကနေဒီတောင်ကို ရပြီပေါ့နော်။ ကနေဒီတောင်ကို သူတို့က ၄ ရက်နေ့လောက်မှာ ရတယ်။ အဲ့ကနေ ၇ ရက်နေ့လောက်မှာ ကျနော်တို့ဘက်ကို စစ်ကြောင်းလာထိုးပြီးတော့မှ ၇ ရက်နေ့မှာ ကျနော်တို့နဲ့ လေထန်ကုန်းမှာ တိုက်ပွဲခဏဖြစ်တယ်။ အဲဒီကနေပြီးတော့မှ ၈ ရက်နေ့မှာ သိုင်းငင်းရွာအထက် ကားလမ်းမကြီးအတိုင်း မလာဘဲနဲ့ တောလမ်းကနေ လာပြီးတော့မှ သိုင်းငင်းအထက် တည့်တည့်မှာ သူတို့ တညအိပ်တယ်။ ၉ ရက်နေ့ မနက်မှာ အဲ့တောင်ပေါ်ကနေ သိုင်းငင်းရွာထဲကို ဝင်ပြီးတော့ သိုင်းငင်းတရွာလုံးကို ထိန်းချုပ်ထားတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”
ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ်တွေက ၂၀၂၃ နိုဝင်ဘာမှာ သိမ်းနိုင်ခဲ့တာဖြစ်ပြီး ၂ နှစ်အကြာမှာ ပြန်လက်လွှတ်လိုက်ရတာပါ။
တတိယစစ်ကြောင်းကတော့ ကလေးမြို့ဘက်ကနေ သိုင်းငင်းလမ်းမကြီးအတိုင်း တက်လာပြီး မွာလ်ပီးရွာ အရောက်မှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ကာ အခုထိ ရှေ့ဆက်မတိုးနိုင်သေးဘဲ စစ်ကြောင်းရပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်ရှင်းပြပါတယ်။
ကလေး-သိုင်းငင်းလမ်းဟာ စစ်ရှုံးထားတဲ့ ချင်းပြည်နယ်ကို စစ်ကိုင်းတိုင်းထဲကနေ စစ်ကူပို့လို့ရတဲ့အတွက် စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတခု ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် စိုးမိုးနိုင်ဖို့အတွက် အခုလို စစ်ကြောင်းခွဲထိုးလာတာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်တွေက သုံးသပ်ပါတယ်။
လက်ရှိ ကလေး-သိုင်းငင်းလမ်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တယောက်က “ကျနော်တို့ ခန့်မှန်းရတာတော့ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကိုလည်း တီးတိန်မြို့နဲ့ ကလေးမြို့မှာ လုပ်ချင်တဲ့အတွက် ဒီ သိုင်းငင်းလမ်းမကြီးကို သူတို့ မထိန်းထားရင် အလွယ်တကူနဲ့ တီးတိန်မြို့ကို ကျနော်တို့ စစ်ကြောင်းထိုးလို့ ရနိုင်တယ်။ ကလေးကိုလည်း စစ်ကြောင်းထိုးနိုင်တယ် ဆိုတဲ့ဟာကို ကာကွယ်ဖို့အတွက်လို့ပဲ ကျနော်တို့ ခန့်မှန်းပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ထိုးစစ်တွေမှာ နှစ်ဖက်စလုံး အကျအဆုံးတွေရှိနေပြီး ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ကလေးမြို့မှာလည်း လက်ရှိထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၅၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ရှောင် ၇၀,၀၀၀ ကျော်ဟာ ဆေးဝါးအကူအညီနဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်ခါနီးမို့ အကူအညီတွေ လိုအပ်နေကြပါတယ်။
မောရစ်


