
မြန်မာနိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတာကြောင့် လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို စစ်အုပ်စုက ဘယ်လိုကျင်းပနိုင်မလဲဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က “ကံမကောင်းစွာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို လုံလောက်စွာ မရခဲ့ပါဘူး။ ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါတယ်” လို့ ဂျီနီဗာမှာ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ AFP သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
သူက မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို ဖမ်းဆီးတာ၊ သတင်းထောက်တွေကို သတ်ဖြတ်တာ၊ အရပ်သားတွေကို ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေနဲ့အတူ အရပ်ဘက်နယ်ပယ်တွေကို လုံးဝကန့်သတ်ထားတယ်လို့လည်း ဆိုပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်သူက လွတ်လပ်ပြီး တရားမျှတတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ။ နိုင်ငံရဲ့ အစိတ်အပိုင်းအတော်များများဟာ တကယ်တမ်း ဘယ်သူ့ထိန်းချုပ်မှုအောက်မှာမှ မရှိတဲ့အခါ စစ်တပ်က ပဋိပက္ခမှာ ပါဝင်ပတ်သက်နေပြီး နှစ်ပေါင်းများစွာ ပြည်သူတွေကို ဖိနှိပ်ထားတဲ့အခါ ဒါကို ဘယ်လို လုပ်ဆောင်နိုင်မှာလဲ။"
ဒါ့အပြင် မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းဆီးထောင်ချခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရွေးကောက်ပွဲက တရားဝင်ဖြစ်နိုင်လိမ့်မှာ မဟုတ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ ထိန်းချုပ်ရာနယ်မြေတွေထဲက မဲရုံတွေကို ပိတ်ဆို့ထားဖို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ ထောင်ဒဏ်တသက်တကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ”ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ ပြဋ္ဌာန်းထားပါတယ်။
အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသား ဖြန့်ဝေတာတွေကို ပြုလုပ်ပါက အရေးယူမှာဖြစ်သလို ခြိမ်းခြောက်တာ၊ ဟန့်တားတာ၊ မလျော်ဩဇာသုံးတာ၊ နာကျင်စေတာ၊ အပြင်းအထန် နာကျင်စေတာ၊ လူစုလူဝေးနဲ့ ကန့်ကွက်တာ၊ လူသေဆုံးစေတာမျိုးတွေ ဖြစ်ပေါ်လာပါက ပြစ်မှုကို လိုက်ပြီးတော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ထောင်ဒဏ် တသက်တကျွန်းနဲ့ သေဒဏ်တို့ကို ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။


