
လာမယ့် ဒီဇင်ဘာမှာကျင်းပမယ့် ရွေးကောက်ပွဲကို တခြားနိုင်ငံတွေက အသိအမှတ်ပြုခြင်း၊ မပြုခြင်းထက် နိုင်ငံသားတွေက အသိအမှတ်ပြုဆုံးဖြတ်လျှင်ပင် လုံလောက်နေပြီဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူများသို့ အသိပေးချက်ဟုဆိုကာ နိုဝင်ဘာ ၁၀ ရက်က နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် ဖော်ပြခဲ့တာပါ။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ကို မြန်မာနိုင်ငံသားတွေကပဲ ဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြန်မာ့အရေးကို ရွေးကောက်ပွဲ မဲပေးတဲ့ နိုင်ငံသားတွေကပဲ အသိအမှတ်ပြု ဆုံးဖြတ်ရပါမယ်။ ဒါဆိုရင် လုံလောက်နေပြီ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။
ရွေးကောက်ဲပွကို မြန်မာနိုင်ငံသားတွေ အသိအမှတ်ပြုရင် ရပြီလို့ စစ်ကောင်စီပြောခွင့်ရသူက ပြောနေပေမဲ့ ဒီရွေးကောက်ပွဲကို လက်မခံ ကန့်ကွက်ရှုတ်ချတဲ့အကြောင်း ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာတွေက လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်၊ ရုရှား စတဲ့ နိုင်ငံအနည်းငယ်ကသာ ထောက်ခံနေကြပြီး ကမ္ဘာ့ကုလသမဂ္ဂ၊ အီးယူ၊ ပြင်သစ် အစရှိတဲ့ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ၊ အများ ယုံကြည်လက်ခံနိုင်တဲ့ မဖြစ်နိုင်ဘူးလို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ စတင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၉၅ ယောက် စုစုပေါင်း ကိုယ်စားလှယ် ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ကြောင်းနဲ့ ပြည်သူအားလုံး ဝိုင်းဝန်းကန့်ကွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေကလည်း ထုတ်ပြန်ထားပါတယ်။


