
အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အသိပညာပေးဟောပြောပွဲနဲ့ ဓာတ်ပုံကမ်ပိန်းကို ကရင်နီပြည်နယ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) က နိုဝင်ဘာလ ၁၀ ရက်က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲက မျှတမှုမရှိတာကို ပြည်သူတွေကို အသိပညာပေးဟောပြောတာ၊ ပိုစတာနဲ့ လက်ကမ်းစာစောင် မျှဝေတာ၊ ဓာတ်ပုံကမ်ပိန်းပြုလုပ်တာတွေ ရှိတယ်လို့ သိရပါတယ်။
KNYO ပြန်ကြားရေးတာဝန်ရှိသူက “လက်ရှိစစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲဟာ မဲစနစ်နှစ်မျိုုးနဲ့ လုပ်မှာဖြစ်သလို နှစ်မျိုးစလုံးဟာလည်း စစ်ကောင်စီရဲ့လူတွေ အနိုင်ရဖို့အတွက်ပဲ လုပ်ထားတယ်ဆိုတဲ့အကြောင်းကို ပြည်သူကို ချပြပေးချင်တာရယ် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအောင်မြင်သွားရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို အသိပေးချင်တာကြောင့် ပြုလုပ်ရခြင်းပါ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်နဲ့ လက်ရှိ ကရင်နီပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကို အသိပညာပေးမျှဝေခဲ့ပြီး ပိုစတာနဲ့ လက်ကမ်းစာစောင်တွေကိုတော့ ဟောပြောပွဲ မတက်ရောက်သူတွေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာကို ပြန်မယ့်သူတွေ သိရှိအောင်မျှဝေကာ ကရင်နီက ပြည်သူတွေလည်း တနိုင်ငံလုံးနဲ့အတူ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဓာတ်ပုံကမ်ပိန်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။


