
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် လာမယ့်ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေက အပြင်းအထန် ဆန့်ကျင်နေချိန်မှာပဲ ပြည်တွင်းက ရုပ်ရှင်သရုပ်ဆောင်တွေက ဝါဒဖြန့် ရုပ်ရုင်တွေ စတင်ရိုက်ကူးနေရသလို နိုင်ငံကျော် အဆိုတော်တွေကလည်း ရွေးကောက်ပွဲအတွက် စတင်ကြော်ငြာပေးနေရပါတယ်။
ပြည်တွင်းမှာ ထင်ရှားတဲ့ အဆိုတော်တွေဖြစ်တဲ့ နီနီခင်ဇော်၊ ချမ်းမြေ့မောင်ချို၊ အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ မိစန္ဒီ၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူ နဲ့ လိမ္မော်သီး တို့ ဆိုင်းဘုတ်စာတမ်းတွေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ကြော်ငြာပေးနေရတာ ဖြစ်ပါတယ်။
ဒီလို ရွေးကောက်ပွဲကြော်ငြာတွေကိုတော့ စစ်တပ် ထိန်းချုပ်ထားတဲ့ မီဒီယာတွေအပြင် လူထုအသုံးများတဲ့ တစ်တော့ခ် အပလီကေးရှင်းတွေမှာပါ အားကောင်းကောင်းနဲ့ ဝါဒဖြန့်လာတာကိုလည်း တွေ့ရပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်တပ်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်တဲ့ အနုပညာရှင်တွေကို သပိတ်မှောက်ဆန့်ကျင်ဖို့၊ လူမှုရေးပြစ်ဒဏ်တွေ ပေးဖို့ လူထုကို လှုံ့ဆော်မှုတွေ လုပ်နေပြီး အဲဒီလှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာနေပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဖို့ အနုပညာရှင်တွေကို ဖိအားပေး အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေလည်း ရုပ်ရှင်လောက အသိုက်အဝန်းမှာ ထွက်ပေါ်နေပါတယ်။


