
ကချင်ပြည်နယ်၊ ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာမှာ အောက်တိုဘာ ၁၁ ရက် ဒီနေ့ နေ့လယ်မှာ စစ်ကောင်စီတပ်က လေးကြောင်းနဲ့ ဗုံးကြဲတိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Y-12 ထောက်ပို့လေယာဉ်နဲ့ လုံးခင်းတဝိုက်ကို ဗုံးကြဲချခဲ့တာကြောင့် ကထန်ရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတယောက် နေရာမှာတင် သေဆုံးပြီး တနှစ်ကျော် အရွယ် ကလေးတယောက် ဒဏ်ရာရခဲ့ကာ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိ ဖားကန့် ဒေသမှာ စစ်ရေး တင်းမာနေတယ်။ နှစ်ဖက် ဟိုဘက် ဒီဘက် တည့်တည့်ဆိုင်ပြီး ပစ်ကြတာမျိုး မဟုတ်ဘဲ ဒရုန်းချတာတွေ၊ လက်နက်ကြီး ပစ်တာတွေ အဲဒါတွေ ဖြစ်နေတယ်။ အထူးသဖြင့် မော်စီစာ ဧရိယာက အခုလောလောဆယ် အန္တရာယ်အရှိဆုံး နေရာဖြစ်နေတာ။ ဘာလို့ဆို မှော်စီစာ ဘုရားကုန်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်လာတယ်။ ဝင်လာပြီးကတည်းက မိုင်းဆွဲတာတွေ၊ ဒရုန်းချတွေ ဖြစ်နေတယ်။”
နိုဝင်ဘာ ၉ ရက်နေ့မှာ ကာမိုင်းမြို့ကနေ အင်အား ၁၀၀ လောက်နဲ့ ဖားကန့်မြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကြောင်း ဖားကန့်မြို့ထဲ ဝင်လာချိန်ကစပြီး ဒီနေ့ မှော်စီစာ ဘုရားကုန်ပေါ် ရောက်တဲ့အထိ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်မိုင်းဆွဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ အပြင် လက်နက်ကြီနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်း နဲ့ ဒရုန်းတွေ တန်ပြန် တိုက်ခိုက်နေပါတယ်။
ဖားကန့်က စစ်ရေးအခြေနေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို DVB က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကထန်ရွာ မြင်ကွင်း (Photo-CJ)


