
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တယောက် ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကွက်သစ်နဲ့ တပ်ရင်း ၆ ဘက်ကို ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တယောက် ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “Y 12 နဲ့ ဗုံးကြဲတာ။ တောမှော်အတက်လမ်းက ကထန်ကွက်သစ်ထဲကျပြီး ကလေးဒဏ်ရာရတယ်၊ မိခင်ဖြစ်သူကတော့ ဆုံးသွားတယ်။ အိမ်ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီလေတပ်ဟာ လေယာဉ်နဲ့ ၁၀ ကြိမ်ဝန်းကျင် ပျံဝဲပြီးနောက် ၄ ကြိမ် ဗုံးကြဲသွားတာဖြစ်ပြီး ဒီနေ့မနက်မှာလည်း မှော်စီစာရွာ တောင်ပေါ်ဘုန်းကြီးကျောင်းကို လက်နက်ကြီး ကျတယ်လို့ ဆိုပါတယ်။
မနေ့ကလည်း မှော်စီစာ လမ်းဆုံမှာ စစ်ကောင်စီကားကို ဗုံးခွဲတိုက်ခိုက်တာမှာ အရပ်သားတယောက် သေဆုံးသလို တယောက် ဒဏ်ရာရပြီး စစ်ကောင်စီကားလည်း ထိခိုက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖားကန့်မှာ တိုက်ပွဲတွေမရှိဘဲ ဗုံးတွေဆက်တိုက်ကွဲနေလို့ ဒေသခံတွေ အပြင်သွားရင် စစ်ကောင်စီ ယာဉ်တွေအနီးက သွားလာတာမျိုး မလုပ်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးတာတွေ ရှိနေပါတယ်။


