Home
မြန်မာသတင်း
မောတောင်မြို့တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေး
DVB
·
November 11, 2025

တနင်္သာရီတိုင်း၊ မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မောတောင်မြို့ အပါအဝင် အနီးရှိ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက် ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ မောတောင်မြို့ရှိ စစ်ကောင်စီတပ်တွေက အနီးနားဝန်းကျင်ရှိ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မောတောင်တမြို့လုံးက ထိုင်းနိုင်ငံ၊ ပကျော့မြို့ထဲ ရှောင်နေရတယ်။ အနီးနားဝန်းကျင်မှာရှိတဲ့ ဒေသခံတချို့ကလည်း ဥယျာဥ်ခြံမြေတွေမှာ ရှောင်နေကြတယ်။ တချို့က အရေးကြီးပစ္စည်းတွေ ရွှေ့ပြီး လူပဲလာနေကြတယ်။ လေယာဥ်တွေပဲ ကြောက်ရတ​ယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မောတောင်မြို့ အနီးနားဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောတောင်မြို့ အနီးနားဝန်းကျင်မှာရှိတဲ့ စစ်ရေးအခြေအနေကို သိရှိနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးကို DVB အနေနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲပါ။

တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် လမ်းပိုင်းတလျှောက်မှာလည်း စစ်ရေးပြင်းထန်နေတာကြောင့် စာရင်းရှိ အိမ်ထောင်စုပေါင်း ၂၇၅ စု စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီပေးသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013