
ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်မှာ စစ်တပ်က ရေပြင်၊ ဝေဟင်၊ ရေအောက် စစ်ရေးလေ့ကျင့်ခန်းတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ၄ ရက်ကြာ စမ်းသပ်လေကျင့်သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ရေးလေကျင့်မှုတွေကို ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၄ ရက်အထိ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး လေကျင့်ခန်းဧရိယာအဖြစ် Point A၊ B၊C၊ D ၊ ခွဲထားကာ လေကြောင်းနဲ့ ရေကြောင်းကိုလည်း သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
နေပြည်တော် စစ်ရေးသတင်းအရင်းမြစ်က “လေ့ကျင့်တယ်ဆိုတာထက် ရုရှားက ဝယ်တဲ့ M i 38 လေယာဥ်တွေ၊ တရုတ်က မှာထားတဲ့ စစ်သင်္ဘာတွေ၊ ဒရုန်းနဲ့ လက်နက်တွေကို စမ်းသပ်ချင်တာပါ။ အကူအညီအနေနဲ့ ဗထူးနဲ့ ပြင်ဦးလွင်မှာရောက်နေတဲ့ ရုရှားစစ်တပ်က ကူညီမှာပါ။ သတိပေးထုတ်ပြန်ထားတာ ရှိပါတယ်” လို့ ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်ကတည်းက ချစ်ကြည်ရေး သေနတ်ပစ်ပြိုင်ပွဲခေါင်းစဥ်နဲ့ ရုရှားစစ်တပ်က ဗိုလ်မှူးကြီးအဆင့် အပါအဝင်အဖွဲ့ဝင်တွေ၊ ပြင်ဦးလွင်နဲ့ ဗထူးတပ်မှာ ရောက်နေတာလို့ စစ်ရေး သတင်းအရင်းအမြစ်တယောက်က ပြောပါတယ်။
“စစ်ရေးဗျူဟာအရ ကူညီပေးဖို့ဆိုပြီး ရုရှားတပ်တွေ ရောက်နေတာ တပတ်လောက်ရှိပြီ။ ဗထူး မှာတောင် ရုရှားက ရောင်းထားတဲ့ ဒရုန်းတွေ စမ်းသပ်နေတာ။ ဒီလေ့ကျင့်မှုမှာလည်း ရုရှားစစ်တပ်ကပါမှာ။ သူတို့ ရောင်းထားတဲ့ ပစ္စည်းတွေစမ်းမှာ ဆိုတော့။”
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅ ၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁မိနစ်၊အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ် စတဲ့ Coordinates အမှတ်များ ဆက်ဆွဲထားတဲ့ ဧရိယာအဖြစ် သတ်မှတ်ထားပါတယ်။
အဆိုပါဧရိယာကနေ ၅ မိုင်ပတ်လည်ကို သင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချရပ်နားတာ ငါးဖမ်းတာနဲ့ ငါးဖမ်းကိရိယာတွေ မချထားဖို့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ အမြင့်ပေ ၁၅,၀၀၀ အောက် ဖြတ်ကျော်ပျံသန်းတာ မလုပ်ဖို့ သတိပေးထုတ်ပြန်ထားပါတယ်။


