
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကလေး-တီးတိန် လမ်းပိုင်းက ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေါနတောင်စခန်းနဲ့ သိုင်းငင်းရွာစခန်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး နိုဝင်ဘာလ ပထမအပတ်မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအတွက် ရည်ရွယ်သလို နယ်မြေပိုစိုးမိုးလာနိုင်ဖို့အတွက် လနဲ့ချီ စစ်ကြောင်းထိုးနေတာလို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“ကလေးနဲ့ ချင်း အစပ်တကြောက စစ်ကြောင်းထိုးနေတာ လနဲ့ချီ ကြာနေပြီ။ ဒေါနတောင်နဲ့ သိုင်းငင်းဘက်ကို နိုဝင်ဘာလ အစကတည်းက တီးတိန်ကထွက်တဲ့ စစ်ကြောင်းတကြောင်း၊ ကလေးဘက်ကထွက်တဲ့တကြောင်း အပေါ်အောက် ညှပ်ပြီး စစ်ကြောင်းထိုးလာတာပေါ့။ စစ်ကြောင်းထိုးလို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် နယ်မြေတွေကို စစ်တပ်ဘက် ပြန်ထိန်းချုပ်လိုက်တယ်။ လက်ရှိက ဖလမ်းဘက်ကို ဆက်ပြီး ထိုးနေတယ်။”
ချင်းပြည်နယ် ဟားခါး၊ တီးတိန်နဲ့ ကလေးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ ပြုလုပ်မယ့် ကလေး၊ တမူး၊ ဟားခါး၊ တီးတိန်မြို့နယ်အတွင်း နယ်မြေ အပြည့်အဝ ပြန်လည်စိုးမိုးနိုင်ဖို့ ဩဂုတ်လလောက်ကစပြီး အင်အားအများအပြား အသုံးပြုထားတဲ့ စစ်ကြောင်းတွေကို ဖြန့်ကြက်ကာ ကလေး-တမူး လမ်းပိုင်းနဲ့ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေခဲ့တာ ဖြစ်ပါတယ်။
ကလေး-တီးတိန် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဖလမ်းမြို့ကို ဆက်ပြီး စစ်ကြောင်းထိုးဖို့ ပြင်နေပြီး ကလေး-ဂန့်ဂေါ လမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကလည်း ဝေဘူလမြို့ကနေ ဖလမ်းကို ဦးတည် စစ်ကြောင်းထိုးနေပါတယ်။


