
တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာနဲ့ ရင်ခမ်းချောင်းရွာရှိ လူနေအိမ်တွေမှာ စစ်ကောင်စီတပ်က မိုင်းထောင်ပြီး ဇဝဲရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဇဝဲစစ်မျက်နှာ လေးမိုင်ရွာနဲ့ ရင်ခမ်းချောင်းရွာမှာ သူတို့နေထိုင်ခဲ့တဲ့ နေရာတွေနဲ့ လူနေအိမ်တွေမှာ မိုင်းထောင်ပြီး ဇဝဲရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဗိုလ်ခရင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက “စကစတွေဘက်က ထောင်ထားတဲ့ မိုင်းတွေကတော့ ရှိသေးတယ်။ ရွာသားတွေက တိုက်ပွဲမရှိရင် ရွာထဲကို အတင်းဝင်တာမျိုးတွေ ရှိတယ်။ ဒါကြောင့် ဒေသခံတွေ အနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းပြီးမှ ရွာထဲကို ဝင်ပါလို့ အသိပေးချင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ လေးမိုင်ရွာမှာ ရှိချိန်တုန်းကလည်း ဒေသခံနေအိမ်တွေက စားနပ်ရိက္ခာတွေကို ယူဆောင်တာအပြင် လူနေအိမ် ၃ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “စကစတပ်တွေ လေးမိုင်ဘက်ကို စစ်ကြောင်းထိုးလာတုန်းက လူနေအိမ်တွေကို ရိုက်ဖျက်တာတွေ၊ တက်နေတာတွေ ရှိတယ်။ ရွာသားတွေရဲ့ စားစရာတွေကိုလည်း ယူဆောင်တာအပြင် နေအိမ်တွေကို မီးရှို့တာလည်း ရှိတယ်” လို့ ဆိုပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာတော့ စစ်ကောင်စီစစ်ကြောင်း ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ လေးမိုင်ရွာဘက်ကို အင်အား ၃၀ ခန့် ပြန်လည်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။


