
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာ ရှေ့တန်းစစ်မျက်နှာပြင်မှာ ဒီနှစ်အတွင်း ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၄၂ ယောက် ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၄) တပ်ရင်းထံက သိရပါတယ်။
KNU တပ်မဟာ (၄)၊ တနင်္သာရီမြို့နယ်ဥက္ကဋ္ဌ ပဒိုညာဝါးက “ကျနော်တို့ဆီမှ အလင်းဝင်လာသူ ၄၂ ထဲမှ ထိုင်းထဲသွားတာ ၆ ဦး။ လက်ရှိ ကျနော်တို့ဆီမှာ ကျန်တာက ၃၆ ဦးပါ။ ၃၆ ဦးထဲမှာ တာဝန်ပြန်ထမ်းဆောင်ချင်သူတွေ ရှိနေပေမဲ့ တချို့ကို အခြေအနေ စောင့်ကြည့်နေဆဲ အနေအထားမှာ ရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က ဘက်ပြောင်းခိုလှုံလာတဲ့သူတွေထဲမှ တချို့က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေကြပြီး တချို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးဘက်မှာ ကူညီနေကြတယ်လို့ KNU တပ်မဟာ (၄) ဆီက သိရပါတယ်။
ပဒိုညာဝါးက “သိန်ခွန်းတိုက်ပွဲတွေမှာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ရင်း အသေးစားဒဏ်ရာရတဲ့သူ ၅ ဦး ရှိပါတယ်။ အခုတော့ အားလုံးပြန်ကောင်းသွားပါပြီ”လို့ ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်တုန်းက သိန်းခွန်းတိုက်ပွဲကနေ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းတပ်သားသစ်ရဲ့ အင်တာဗျူးရုပ်သံကို ပဒိုညာဝါးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါသေးတယ်။
အဲဒီရုပ်သံမှာတော့ ထိုင်းနိုင်ငံ၊ ရနောင်းအချုပ်ထောင်ကနေ မြန်မာနိုင်ငံကို နေရပ်ပြန်ပို့ခံရပြီး တပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းအပတ်စဥ် (၈) သင်တန်းဆင်း ကိုဇော်ပိုင်စိုးကို မေးမြန်းထားတာပါ။
ကိုဇော်ပိုင်စိုးက “စစ်ကောင်စီဘက်က မှတ်ပုံတင်လုပ်ပေးပြီး မတရားစစ်မှုထမ်းခိုင်းတာတွေ၊ ရှေ့တန်းမှာ စစ်မှုထမ်း တပ်သားသစ်တွေကို အကာအကွယ်ယူပြီး စစ်ကြောင်းထိုးတာတွေနဲ့ တန်နီ ခေါ် စစ်သားကြီးတွေက မတရားအနိုင်ကျင့်တာတွေကို”လို့ ဖြေဆိုထားပါတယ်။
ထိုင်းက နေရပ်ပြန်ပို့ခံရသူတွေကို အသက်အရွယ်ခွဲပြီးတော့ စစ်မှုထမ်းအကျုံးဝင်သူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပလောက်မြို့၊ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းဆီ ပို့ဆောင်နေတယ်လို့ ဘက်ပြောင်းခိုလှုံလာသူတွေဆီက သိရပါတယ်။


