Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ပစ်သတ်ခံရ
DVB
·
November 5, 2025

စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်၊ အမြင့်မြို့‌ဟောင်းရွာမှာ နိုဝင်ဘာ ၄ ရက် ညနေ ၃ နာရီက စစ်ကောင်စီ တပ်သား  ၂ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံရွာသားတွေထံကနေ သိရပါတယ်။

အဆိုပါ စစ်သား ၂ ယောက်ဟာ အမြင့်နယ်‌မြေခံရဲစခန်းအတွင်းကနေ အပြင်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တွေက ပစ်ခတ်သွားတာလို့ သိရပါတယ်။

အမြင့်မြို့ဟောင်းရွာသားတယောက်က “ရွာအနောက်ဘက် တာဘောင်ရိုးနဲ့ ဘုန်းကြီးကျောင်းအနီးမှာ ပစ်ခံလိုက်ရတယ်။ လက်နက် ၂ လက်ပါ ပြည်သူ့ကာကွယ်‌ရေးတပ်က ရသွားတယ်။ အ‌လောင်း ၂ လောင်းကိုတော့ အခုညနေ ၅ နာရီထိုးတဲ့အထိ ဘယ်သူမှ မကောက်ရဲကြသေးဘူး။ သူတို့က ဘာလုပ်ဖို့ ရဲစခန်းအပြင် ထွက်တာလဲ ဆိုတော့ တန်ဆောင်မုန်းလပြည့်‌နေ့ မုန့်ဟင်းခါးလုပ်စားလို့ ဘုန်းကြီးကျောင်းကို ပန်းကန်ပြားသွားယူရင်း အပစ်ခံရတာ၊ ၂‌ ယောက်စလုံးသေတယ်။ စစ်တပ်‌သေတာက အရေးမကြီးဘူးဗျ။ ဘာဖြစ်လို့လဲဆို‌တော့ စစ်တပ်က လူစိတ်မရှိဘူး။ သူတို့လူ‌တွေ သေတယ်ဆိုရင် လက်နက်ကြီးနဲ့ အနီးဝန်းကျင်ကို ပစ်တယ်။‌ နောက်ပြီး ရွာက လူငယ်တွေကို ဖမ်းပြီးရိုက်တယ်။ အဲလို ဖမ်းရိုက်ပြီး သူတို့အထက်လူကြီးတွေကို သတင်းလိမ်တင်ပြီး ထောင်ချတာတွေ လုပ်တယ်။ ပြည်သူ့ကာကွယ်‌ရေးတပ်က ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့တော့ ကျနော်တို့ မသိဘူး”လို့ ပြောပါတယ်။

အမြင့်မြို့ဟောင်းရွာဟာ စစ်တပ်အထိုင်ချ မုံရွာမြို့ နမခနဲ့ ၁၄ မိုင်ဝေးပြီ ချောင်းဦးမြို့နဲ့လည်း ၂၂ မိုင် ဝေးတဲ့ ကျေးရွာ ဖြစ်ပါတယ်။

အဆိုပါ စစ်သား ၂ ယောက် ပစ်ခတ်တဲ့အဖွဲ့ကိုတော့ အတိအကျ မသိရသေးပါဘူး။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “သတင်းကတော့ ကြားတယ်ဗျ။ ကျ‌နော်တို့အဖွဲ့တော့ မဟုတ်ဘူး။ အခုလိုလုပ်တာလည်း လုပ်ချင်စရာပဲ။ အရင် ဘုံတိုရွာ ဆန္ဒပြမီးသပိတ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲချဖို့ သတင်းပို့တာလည်း ဒီစခန်းက စခတွေပဲ ဖြစ်လိမ့်မယ်လို့ ဒေသတွင်း ပြည်သူတွေက ထင်နေကြတာ။ အဲဒါဆို‌တော့ ဒီအမြင့်စခန်းကို မုန်းတီးနေကြတာလေ။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ နောက်ပိုင်းမှာ လုပ်တဲ့အဖွဲ့က ထုတ်ပြန်လာပါလိမ့်မယ်” လို့ ပြောပါတယ်။

အမြင့်မြို့ဟောင်းရွာဟာ စက်တင်ဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စစ်တပ် စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တဲ့ ဘုံတိုရွာရဲ့ အနောက်တောင်ဘက် တမိုင်နီးပါးခန့်သာ ဝေးကွာတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

အခုလို စစ်သား ၂ ယောက် ပစ်သတ်ခံရပြီး စစ်တပ်ဖမ်းဆီးသတ်ဖြတ်ခံရမှာ ကြောက်လန့်ကာ အမြင့်ရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကလည်း အမြင့်မြို့ဟောင်းကျေးရွာရဲ့ ဈေးထိပ်နေရာမှာ ရဲတပ်သားတယောက်ကို အခုလို အနီးကပ် သေနတ်နဲ့ ပစ်သတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013