
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့က စစ်တပ်အထိုင်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်လို့ ပြည်သူ ၁ ယောက်အပါအဝင် နှစ်ဖက်အကျအဆုံးရှိပြီး စစ်တပ်လက်နက်ကြီးကြောင့် ကလေးတယောက်အပါအဝင်အဝင် မိန်းကလေး ၂ ယောက် သေဆုံးခဲ့ပါတယ်။
ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူဒေသခံတယောက်က “အကျအဆုံးက စစ်တပ်ဘက်က ၄ ဦး ကျပြီး PDF ဘက်က တဦးကျဆုံးတယ်။ တိုက်ပွဲက ကျနော်တို့ မျက်မြင်မှာ ဖြစ်တာဗျ။ ပြည်သူ့ကာကွယ်ရေးဘက်က ကားနဲ့ ရုတ်တရက်ဝင်ပစ်တာ။ မြို့ထဲကနေ စစ်ကူလာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နောက်ပြန်ဆုတ်သွားကြတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်နေချိန်မှာ ကြက်သွန်တင်လာတဲ့ ကုန်ကားတစီးပိတ်မိပြီး ကျည်ဆန်ထိမှန်လို့ ကားဆရာတဦးလည်း သေတယ်။ ကျနော်တို့လည်း စစ်တပ်ဘက်က စစ်ကူတွေရောက်လာလို့ ဘေးလွတ်ရာကို ရှောင်တိမ်းလာခဲ့ရတယ်” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၄ ယောက်သေဆုံး၊ တော်လှန်ရေးဘက်က ၁ ယောက် ကျဆုံးပြီး လက်နက် ၂ လက်ရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရဲဘော်တယောက်က ပြောပါတယ်။
စစ်ဆေးရေးဂိတ်ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီက လမ်းတွေကို ပိတ်ဆို့ စစ်ဆေးနေသလို ပတ်ဝန်းကျင်ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။
လက်နက်ကြီးကြောင့် ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာက မိန်းကလေး ၂ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒေသခံတယောက်က “စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျနော့်တူမလေး ၂ ယောက်မှာ တယောက်က နေရာတင်သေဆုံးပြီး တယောက်က ဒဏ်ရာအပြင်းအထန်ရခဲ့တာဗျ။ အကြီးမက သိမ့်သိမ့်အောင် ၂၂ နှစ်ပါဗျ။ ကျနော်တို့ခေါ်တာကတော့ ညိုချောလို့ ခေါ်ကြတာ။ ညိုချောကတော့ နေရာတင် သေဆုံးခဲ့ရတယ်။ အသက် ၁၃ နှစ်အရွယ် မဖူးဖူးမြတ် တူမငယ်လေးကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးကုသမှုခံယူနေဆဲပါဗျ။ အိမ်အလည်လာတဲ့ အမျိုးသမီးငယ်တဦးကတော့ ယွန်းမီမီခိုင် ၁၃ နှစ်၊ ကျည်စထိမှန်ပြီး အပိုင်းပိုင်းပြတ်ထွက်ပြီး နေရာတင်သေဆုံးခဲ့ရတယ်။ ဆေးရုံတက်နေရတဲ့ တူမအငယ်မလေးကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်ရပါတယ်” လို့ ပြောပါတယ်။
ငါးလုံးတင်ရွာဟာ ချောင်းဦးမြို့ရဲ့အနောက်ဘက် ၄ မိုင်လောက်အကွာမှာရှိတဲ့ရွာကြီးဖြစ်ပြီး ရွာရဲ့အနောက်ဘက်နဲ့ တောင်ဘက်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၀ ရက် ညပိုင်းကလည်း ချောင်းဦးမြို့ကနေ လက်နက်ကြီးနဲ့ ငါးလုံးတင်ရွာဘက်ကို ပစ်ခတ်လို့ ပြည်သူ ၂ ယောက် သေဆုံး၊ ကလေးငယ် ၂ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။


