စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ကုမ္ပဏီအတွင်း အချက်ပေး ဥသြသံတွေ တညလုံး ဆူညံနေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်လို့ ဝမ်ပေါင်ကုမ္ပဏီ အနီးနား နေထိုင်သူတွေဆီက သိရပါတယ်။
တရုတ် ဝမ်ပေါင်ကြေးနီစီမံကိန်းအထဲမှာရှိတဲ့ စစ်ကောင်စီတပ်တွေက အနီးနားရှိ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေက စီမံကိန်းအတွင်းကို အောက်တိုဘာ ၂၃ ရက် ညက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စီမံကိန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကုမ္ပဏီအတွင်း မီးလောင်မှုဖြစ်ပွားပြီး အချက်ပြ ဥဩသံတွေ ဆူညံနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲမှာ စစ်တပ်က တပ်ဆွဲထားပြီး အနီးနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် အဝေးပစ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ကုမ္ပဏီအတွင်း ရှုပ်ယှက်ခတ်ပြီး အချက်ပေးဥသြသံတွေနဲ့ ဆူညံသွားတာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် ည ၈ နာရီထိုးလောက်မှာ ဖြစ်သွားတာ၊ ရှော့တိုက်ဒုံး အလုံးရေ အတော်များတယ်၊ အထဲမှာ မီးပါလောင်တာ၊ ဥသြဆွဲသံကတော့ ဆူညံနေတာပဲ၊ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းက တရုတ်တွေက စစ်ကောင်စီတပ်ကို သူတို့ အလုပ်ဆိုက်တွေထဲမှာ လုံခြုံရေးတွေ ခေါ်ထားပြီး အဆိုပါစစ်တပ်က အနီးနားရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေပါတယ်။
အောက်တိုဘာ ၂၂ ရက်ကလည်း တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းက ထွက်လာတဲ့ စစ်သားတွေက ဝက်မှေးရွာသစ် အနောက်မြောက်ဘက် ပလောင်ရွာလမ်းခွဲနားမှာရှိတဲ့ ကုမ္ပဏီ အဝင်ဂိတ်ပေါက်ကနေ သေနတ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဝက်မှေးကျေးရွာဒေသခံ တယောက် သေနတ်ကျည်ထိမှန်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။






