
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အမျိုးသားတယောက်ရဲ့ ဆီးခုံမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကဒဲရွာမှာက တိုက်ပွဲမရှိဘူး။ တန်းရှင်းရွာဘက်မှာက တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်တာပါ။ ထိခိုက်ဒဏ်ရာရသူကိုတော့ ပုလောဆေးရုံကို တင်ထားတယ်” လို့ ပြောပါတယ်။
တန်းရှင်းရွာဟာ ပလမြို့အနီးနားဝန်းကျင်မှာရှိပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဒီတပတ်အတွင်း မကြာခဏ ပစ်ခတ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က ပလမြို့အနီးနားရှိ သင်္ကန်းတောရွာအနီး ကားလမ်းမပေါ်ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး စက်သေနတ်နဲ့ ပစ်ခတ်သွားကာ အရပ်သား ထိခိုက်သေဆုံးမှုတွေ မရှိဘူးလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်ကလည်း စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ တန်းရှင်းရွာဘက်ကို လေကြောင်းနဲ့ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။




