
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီက ရှေ့တန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၄ က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ရဲဘော် ခူးဟားရယ်က အောက်တိုဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ရင်းနဲ့ ရှေ့တန်းမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။
တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက “သူ တပ်ရင်းရောက်တာ တနှစ်ကျော်ပြီ။ တိုက်ခိုက်ရေး အဓိကလုပ်တာပေါ့။ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာလို့ ပြန်ခုခံရင်းနဲ့ ကျသွားတာပေါ့နော်။ စစ်ကောင်စီကတော့ စစ်ကြောင်း ၂ ကြောင်း ၃ ကြောင်းလောက် ထိုးလာတာပေါ့နော်” လို့ ပြောပါတယ်။
ရဲဘော် ခူးဟားရယ်က ၂၀၂၄ ခုနှစ် ဧပြီ ၈ ရက်မှာ KNDF တပ်ရင်းအမှတ် ၁၄ ကို ရောက်ရှိလာပြီး ပေးအပ်ထားတဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်သူဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးဆပ်သွားတဲ့အပေါ် မိသားစုဝင်တွေနဲ့ ထပ်တူခံစားရပြီး အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးထားတယ်လို့ ပြောပါတယ်။
ကရင်နီပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်တွေနဲ့ ရှမ်းပြည်နယ်စပ်က မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ် နေရာတချို့မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ အောက်တိုဘာလထဲ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။




