
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အာရက္ခတပ်တော် (AA) ဆီမှာ အလံဖြူထောင် လက်နက်ချတာရှိသလို တိုက်ပွဲတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ AA က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်နက်ချတဲ့အရေအတွက်နဲ့ ဖမ်းမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါဘူး။
ဒါပေမဲ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှာတော့ စစ်တပ် တပ်ဖွဲ့ဝင် ၁၁ ယောက် ဒူးထောက်နေတဲ့ပုံပါရှိပါတယ်။
အမ်း-ပဒါန်းလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နေရာအနည်းငယ်ပဲ ရဖို့ကျန်တော့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
အဲဒီ နတ်ရေကန် ဗျူဟာကုန်းဟာ စစ်တပ်က လက်နက်ငယ်ကျည်ဆန်ထုတ်လုပ်တဲ့ ကပစ ၁၄ စက်ရုံနဲ့ ၉ မိုင်ပဲ ဝေးသလို ပဒါန်းမြို့နဲ့လည်း ၁၂ မိုင်ပဲ ဝေးပါတယ်။
နတ်ရေကန် ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်တပ်က စစ်ကူလို့ မရတဲ့အပြင် ရိက္ခာကိုပါ လေကြောင်းက ပို့နေရပါတယ်။
အဲဒီလိုအခြေအနေမှာ စစ်တပ်က ပဒါန်းမြို့နဲ့ နတ်ရေကန်ဗျူဟာကြားမှာ ခံစစ် အဆင့်ဆင့် ပြင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။




