
အာဖဂန်နစ္စတန်နယ်စပ်အနီး ပါကစ္စတန်နိုင်ငံ ချာမန်ခရိုင်မှာ အောက်တိုဘာ ၁၅ ရက် မနက် အစောပိုင်းမှာ ၂ နိုင်ငံတပ်ဖွဲ့တို့အကြား ပြင်းထန်တဲ့တိုက်ပွဲအသစ်တွေ ထပ်မံဖြစ်ပွားခဲ့တာကြောင့် အာဖဂန်နစ္စတန် အရပ်သား ၁၂ ယောက် ထက်မနည်း သေဆုံးခဲ့ကြောင်း တာလီဘန်က ပြောကြားခဲ့ပြီး ပါကစ္စတန်ကတော့ သူတို့ဘက်ခြမ်းမှ အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်ဒ်က “ပါကစ္စတန်ရဲ့ ရန်စမရှိ ပစ်ခတ်မှုကြောင့် စပင်န်ဘိုးလ်ဒက်မြို့မှာ အရပ်သား ၁၂ ယောက် သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်” လို့ X လူမှုကွန်ရက်မှာ ပြောပါတယ်။
သီတင်းပတ်ကုန်က နိုင်ငံတွေအကြား လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ထိပ်တိုက်တွေ့မှုတွေအပြီးမှာ ခဏတာလောက် ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးလည်း ပြိုကွဲခဲ့ရကြောင်းလည်း အာဖဂန်က ပြောဆိုပါတယ်။
ပါကစ္စတန် တာဝန်ရှိသူတွေကတော့ တိုက်ခိုက်မှုတွေအတွက် တာလီဘန်တွေကို အပြစ်တင်ခဲ့ပြီး နယ်စပ်က သူတို့ဘက်ခြမ်းမှ အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ချာမန်ခရိုင်အုပ်ချုပ်ရေးမှူး ဟာဘိဘ် အူလာဘန်ဂူလ်ဇိုင်က “တာလီဘန်တပ်ဖွဲ့တွေဟာ ချာမန်ခရိုင် အနီးရှိ ပါကစ္စတန်စခန်းကို တိုက်ခိုက်ခဲ့တာ”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မနက်အစောပိုင်းက တိုက်ပွဲတွေ ၅ နာရီလောက် ဆက်လက်ဖြစ်ပွားခဲ့ပြီး ပါကစ္စတန်တပ်ဖွဲ့တွေက တိုက်ခိုက်မှုကို ပြန်ခုခံတာလို့ ဆိုပါတယ်။
အာဖဂန်နစ္စတန်ကို အကာအကွယ်ယူပြီး ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတဲ့ စစ်သွေးကြွတွေအပေါ် အရေးယူဆောင်ရွက်ဖို့ တာလီဘန် အစိုးရကို အစ္စလာမ်မာဘတ် အစိုးရက တောင်းဆိုခဲ့ပြီးနောက်မှာ တချိန်က မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ တောင်အာရှ ၂ နိုင်ငံတို့ဟာ လောလောဆယ်မှာ သဘောထားတွေ ကွဲပြားခဲ့ကြပါတယ်။
တာလီဘန်အစိုးရကလည်း အာဖဂန်နစ္စတန်မှာ ပါကစ္စတန် စစ်သွေးကြွတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။
Source: Reuters


