
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပေါ်က စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ် သိမ်းယူဖို့အတွက် လက်ကျန်နေရာ အနည်းငယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ကစဉ့်ကလျား ထွက်ပြေးနေကြပြီး အဲဒီသူတွေနဲ့လည်း နေရာတချို့မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေက ဒီနှစ် နှစ်ဆန်းပိုင်းမှာ စပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ဆိုပြီး တဖက်သတ် အပစ်အခတ်ရပ်စဲခဲ့တာပါ။
အဲဒီနောက် ပြီးခဲ့တဲ့ စက်တင်ဘာလလောက်ကစပြီး နတ်ရေကန်ဗျူဟာကုန်းကို ပြန်ထိုးစစ်ဆင်နေတာ ဖြစ်ပြီး အရေးပါတဲ့ ကာကင်းတွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
အဲဒီ နတ်ရေကန်ဗျူဟာကုန်းဟာ အမ်း-ပဒါန်းလမ်းမှာ ဗျူဟာကျတဲ့ နေရာမှာတည်ရှိပြီး စစ်တပ်ရဲ့ လက်နက်ငယ်ကျည်တွေ ထုတ်လုပ်တဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၁၄ ခေါ် ကပစ ၁၄ နဲ့ ၉ မိုင်ဝန်းကျင်ပဲ ဝေးသလို ပဒါန်းမြို့နဲ့လည်း ၁၂ မိုင်အကွာအဝေးပဲ ရှိပါတယ်။




