
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က ဆုံးရှုံးထားတဲ့ စွယ်တော်ကုန်းဗျူဟာ ပြန်လည်ရရှိရေး ကြိုးစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ ဒရုန်း၊ စစ်တပ်က လက်နက်ကြီးပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းကာ စစ်ကြောင်း ၅ ကြောင်းနဲ့ လေးကေ့ကော်မြို့သစ်ကို ထိုးဖောက် ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်း၊ လက်နက်ကြီးပစ်ကူ မနားတမ်းရယူပြီး ထိုးစစ်ဆင်တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဘက်က လေးကေ့ကော်မြို့သစ်က နယ်မြေတချို့ကို လက်လွှတ်လိုက်ရ ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဆုံးရှုံးထားတဲ့ စွယ်တော်ကုန်းဗျူဟာကို ပြန်လည်ရရှိရေး ကြိုးစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“နောက်ဆက်တွဲက တိုးတိုးပြီးတော့ ထပ်တက်လာတယ်။ မနေ့က မနက်အစောပိုင်းလောက်က လေးကေ့ကော်က သူတို့ဆုံးရှုံးထားတဲ့ စစ်ဗျူဟာ အခြေချတဲ့ စွယ်တော်ကုန်းကို ထပ်တက်ဖို့ ကြိုးစားနေတယ်။”
လေးကေ့ကော်မြို့သစ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးသူ များပြားပေမဲ့ နောက်ချန် စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ အကြိမ်ကြိမ် စစ်ဘေးရှောင်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ အပြင် သူတို့အတွက် အန္တရယ်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်တပ်က ပြည်သူကိုစောင့်ရှောက်တဲ့စစ်တပ် မဟုတ်တော့တဲ့အတွက် ပြည်သူကို ဒုက္ခပေးတဲ့ အရာတွေ ဆက်လုပ်နေမှာပဲလို့ နယ်စပ်အရေး ကူညီလုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
“ရန်သူကတော့ သူကတော့ သူ့ရဲ့ အာဏာစိုးမိုးမှုရဖို့အတွက် သူလုပ်စရာရှိတာ ဆက်လုပ်နေတယ်။ သူက အခုကလည်း လူသားချင်းစာနာထောက်ထားမှုလည်း မရှိတော့ဘူး။ ပြည်သူကိုလည်း စောင့်ရှောက်တဲ့စစ်တပ်တခုလည်း မဟုတ်တော့ဘူးဆိုတဲ့ အပေါ်မှာတော့ ဒီလိုမျိုး ပြည်သူကို ဒုက္ခပေးတဲ့အရာတွေ သူဆက်လုပ်နေမှာပဲ။”
လေးကေ့ကော်မြို့သစ်ကို ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်း ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်




