
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ နွားကျောင်းဖို့လာတဲ့ ဘန်းလမွတ်ကျေးရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီခန့်က နွားကျောင်းဖို့ ရွာကထွက်လာတဲ့ ဘန်းလမွတ်ရွာက အသက် ၅၀ အရွယ် ဦးယုထိန်နဲ့ အသက် ၃၀ အရွယ် ကိုဆန်းထိုက်တို့ တူဝရီးကို ဘန်းလမွတ်ကျေးရွာ လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး ချုပ်နှောင်ထားလိုက်တယ်လို့ ဘန်းလမွတ်ကျေးရွာသားတယောက်က ပြောပါတယ်။
“မနက်တည်းက နွားကျောင်းသွားရင်း ဘန်လမွတ်လမ်းဆုံမှာ ဖမ်းခံထားရတာပါ။ တခြားသူတွေတော့ မဖမ်းဘူး၊ သူတို့ ၂ ဦးပဲ။ လမ်းသွားလမ်းလာတွေ ပြောတာတော့ လက်ပြန်ကြိုးတုပ်ထားတယ်တဲ့။”
ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကိုဆန်းထိုက်နဲ့ ဦးယုထိန်တို့ ၂ ယောက်ကို ဘာကြောင့်ဖမ်းထားလဲ ဆိုတာ မသိရသလို မိသားစုဝင်တယောက်ကနေ တွေ့ခွင့်ရဖို့ လုပ်ပေမဲ့ စစ်ကောင်စီတပ်သားတွေက တွေ့ခွင့်မပေးဘဲ မောင်းထုတ်ခဲ့တယ်လို့ သိရကြောင်း ကျေးရွာသားတယောက်က ပြောပါတယ်။
“သူ့မောင်နဲ့ သူ့တူလေးကို နွားကျောင်းသွားတာ ပြန်မလာလို့ လိုက်လာတာပါဆိုပြီး ပြောတော့ စစ်သားတွေက မလာနဲ့ ပြန်သွားဆိုပြီး နှင်လွှတ်လိုက်တယ်။”
ဘန်းလမွတ်ကျေးရွာမှာ တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်နီးပါး နှစ်အကြာကြီး စစ်ရှောင်နေကြရကာ ရွာခံအနည်းစုသာ ကျန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ရွာထဲ လူနေအိမ်တွေနဲ့ လမ်းဆုံလမ်းခွဘက်မှာ အထိုင်ချ တပ်စွဲပြီး သွားလာလှုပ်ရှားနေကြတာလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
အရင်နှစ်ကလည်း ဘန်းလမွတ်ကျေးရွာကနေ စစ်ရှောင်ပြီးတော့မှ လိုအပ်တဲ့ ရိက္ခာပစ္စည်းတွေ ယူဖို့အတွက် ရွာထဲ ခေတ္တပြန်ဝင်လာတဲ့ ဘန်းလမွတ်ကျေးရွာသားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။