
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ပံတဲကျေးရွာက စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၂ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် အသက် ၃၃ နှစ်အရွယ် ဟိန်းကိုကိုဦးနဲ့ အသက် ၂၉ နှစ်အရွယ် မသိန်းဆွေတို့ ၂ ယောက်ကို အောက်တိုဘာ ၈ ရက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက သူတို့ရဲ့ လက်ပံတဲကျေးရွာက နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတာလို့ သိရပါတယ်။
ဒေသခံတယောက်က “လက်ပံတဲကျေးရွာက သူတို့အိမ်တွေမှာ ပစ်သတ်ခံရတာ။ ၂ ယောက်လုံး သေဆုံးသွားတယ်။ ပစ်သတ်ခံရတဲ့ ၂ ယောက်က။ အကြမ်းဖက်နှိမ်နင်းရေးနဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားနဲ့ အမျိုးသမီးကို အမည်မသိ လက်နက်ကိုင်ဆောင်ထားတဲ့အဖွဲ့ ၅ ယောက်က ဆိုင်ကယ်တွေနဲ့လာပြီး နာမည်တွေကို မေးမြန်း ပစ်သတ်သွားတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပစ်သတ်ခံရတာကြောင့် ဟိန်းကိုကိုဦးက ယာဘက်လည်ပင်း ဖောက်ဝင်ဒဏ်ရာတချက်၊ ဝဲဘက်နံဘေး ဖောက်ဝင်ဒဏ်ရာတချက်နဲ့ မသိန်းဆွေက ဝဲဘက်နားအောက် ဖောက်ဝင်ဒဏ်ရာ တချက်တို့ ရရှိပြီး သေဆုံးသွားခဲ့ရတာ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးတာ မလုပ်သေးဘဲ နယ်မြေခံ အုပ်ချုပ်ရေးမှူးကနေတဆင့် စုံစမ်းစစ်ဆေးနေပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ PDF တွေက သတ်ဖြတ်သွားတာလို့ ရေးသားဖြန့်ဝေနေပါတယ်။