
ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသား ၃ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းသူတယောက် အပါအဝင် ၄ ယောက် သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ မင်းတပ်မြို့နယ် ထင်ချောင်းရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး RC ဘုရားကျောင်းဝင်းထဲရှိ စစ်ရှောင်စခန်းက စာသင်ကျောင်းကို ဗုံးကြဲချခဲ့တဲ့အတွက် ၁၀ တန်းကျောင်းသား ၃ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တဲ့အပြင် ဝမ္မသူးရွာ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတယောက်က “ဝမ္မသူးရွာစာသင်ကျောင်း ပျက်စီးကုန်တယ်၊ ထင်ချောင်းရွာ RC ဘုရားကျောင်းဝင်းထဲရှိ စစ်ရှောင်စခန်းက စာသင်ကျောင်းကိုကြဲတာ ၁၀ တန်းအရွယ် ကျောင်းသား ၃ ဦး သေတယ်။ ဘုရားကျောင်း ဘုန်းဘုန်းက မြို့သိမ်းတုန်းက ဒုက္ခရောက်လို့ ကူညီစောင့်ရှောက်ပေးထားတဲ့ မသန်စွမ်းအမျိုးသမီးတဦး သေတယ်” လို့ ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲက တချို့ကလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၄ ရက်ကလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် မင်းတပ်မြို့ အနောက်ရပ်ကွက်က ဟုန်းဟုန်းဟိုတယ် ပျက်စီးခဲ့ပါတယ်။
သီရိ