
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးလို မြေပြန့်ဒေသမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်အစား ကုန်ကျစရိတ် သက်သာတဲ့ စက်တပ်လေထီး ခေါ် ပါရာမော်တာနဲ့ Gyroplane လေယာဉ်ငယ်တွေကို ပိုသုံးပြီး တိုက်ခိုက်လာတယ်လို့ အစီရင်ခံစာတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မြေပြန့်ဒေသက ကျေးရွာတွေကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်ထဲက ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပရာ နေရာကို Paramotor နဲ့ ဗုံးချတာကြောင့် ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
ချောင်းဦးမြို့နယ် ပကဖ အဖွဲ့ဝင်တယောက်က “ဒီကိုလာနိုင်ခြေရှိတယ်၊ လာဖို့လည်း သေချာတယ်။ ဒီဘက်ကို ဦးတည်ပြီဆိုတာနဲ့ ကျနော် ပြောတယ်၊ ဒီဘက်ကို လာပြီ၊ ပြီးတော့ Paramotor ရဲ့ ပျံသန်းချိန်ကလည်း အရင်ထက်ပိုမြန်တယ်။ မြန်တဲ့အကြောင်းအရင်းက နမခ ဘက်ကနေ လာတော့လေ၊ လေကလည်း မြောက်လေတိုက်နေတဲ့ အနေအထားဆိုတော့ ပိုမြန်တယ်။ ပြီးတော့ လမ်းမှာလည်း ဖြတ်သန်း(သတင်း) မရဘူး။ မရတာက အင်ဂျင်ရပ်သွားလိုက်၊ မောင်းလာလိုက်၊ ရပ်သွားလိုက်၊ မောင်းလိုက်၊ ကျနော်တို့ဆီ ကွက်တိလာပြီဆိုတာ သိနေတဲ့အချိန်မှာ ချက်ချင်း လုပ်သွားတာပဲ” လို့ ပြောပါတယ်။
စစ်တပ်ဟာ စက်တပ်လေထီးနဲ့ Gyroplane တွေကို မြန်မာပြည်အလယ်ပိုင်းက မကွေးလေတပ်၊ မိတ္ထီလာလေတပ်၊ ပခုက္ကူ တပ်မ (၁၀၁) နဲ့ မုံရွာ နမခ လိုနေရာတွေမှာ အခြေပြုပြီး သုံးစွဲနေတာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ရှိသူက ပြောပါတယ်။
အခုလပိုင်းမှာပဲ မုံရွာ နမခ ဆီကို Paramotor အသစ် ၃ စီး ထပ်ရောက်လာတဲ့အကြောင်း CDSOM အဖွဲ့ပြောခွင့်ရသူ ကိုနွေဦး(မြောင်) က ပြောပါတယ်။
“ဒီနှစ်ထဲမှာ ပိုသုံးလာတာဗျ။ ဒီနှစ်ထဲမှာ ပိုသုံးလာတယ် ဆိုတာက အရင်ကကျတော့ ဒီဘက်တွေ၊ မြင်းမူ တို့ စစ်ကိုင်းတို့ပေါ့နော်၊ မြောင်တို့ဘက်တွေမှာ မသုံးသေးဘူးဗျ။ ဒါပေမဲ့ ဒီနှစ်ထဲမှာကျတော့ နေရာအနှံ့ကို သုံးလာတယ်၊ အစုံ သုံးလာတယ်။ အရေအတွက်ကလည်း သူတို့ ပိုတိုးလာတာ ဆိုတော့လေ၊ သုံးတဲ့နှုန်းလည်း ပိုများလာတယ်ဗျ။ အရေအတွက် တိတိကျကျတော့ မသိဘူးဗျ။ ပါရာမော်တာ ကျတော့ အရင်ရှိတဲ့ဟာက ၃ စီး၊ အဲတာကိုမှ နောက်ထပ် ၃ စီး ထပ်တိုးတယ် ဆိုပြီးတော့ သိထားတယ်ဗျ။ Gyroplane ကတော့ ဘယ်နှစီး ရောက်နေလဲဆိုတာ မသိဘူး။”
ပါရာမော်တာ ဆိုတာကတော့ အင်ဂျင်နဲ့ လေထီး တပ်ဆင်ထားပြီး လေယာဉ်တွေလို ပြေးလမ်းကြောင်းမလိုဘဲ အဆင်း၊ အတက် ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့မြန်နှုန်းက ၃၀ ကနေ ၆၀ ကီလိုမီတာအထိပဲရှိတာကြောင့် ပွိုင့် ၅ လို သေနတ်တွေနဲ့ ပစ်ချနိုင်ပါတယ်။
Gyroplane ကတော့ ရဟတ်ယာဉ်လို ပုံသဏ္ဌာန်ရှိပြီး မော်ဒယ်အပေါ် မူတည်ကာ ၈၀ ကနေ ၁၆၀ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ၂ ခုလုံးဟာ နိုင်ငံတကာမှာ အပျော်စီးတာ၊ ကင်းလှည့်တာတွေမှာ အဓိကသုံးကြပြီး စစ်ရေးအနေနဲ့ဆိုရင်တော့ လေကြောင်းပစ်လက်နက်တွေ မရှိတဲ့ ဒေသတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးကြဲချဖို့ သုံးနိုင်ပါတယ်။
MDSI အဖွဲ့ ပြောခွင့်ရသူတယောက်က “ဒီ ၂ ခုလုံးက ဦးတည်ရာ ထိန်းချုပ်လို့ သိပ်မလွယ်ဘူး၊ လေတိုက်နှုန်း မခံဘူး။ သစ်ပင်၊ တောတောင်များရင်၊ ပင်လယ်ကမ်းခြေဒေသတွေမှာ သုံးလို့မရဘူး။ အဲဒါကြောင့် သူက မြေပြန့်ဒေသတွေမှာ သုံးတယ်။ ပြီးတော့ အောက်မှာ (.5) လို စက်သေနတ်အကြီးကြီးရှိရင် သူကအရှိန်လည်း နည်းတော့ကျမှာပဲ။ ဒါကြောင့် မြေပြန့်ဒေသတွေမှာလည်း လေကြောင်းဗုံးကြဲတဲ့ မစ်ရှင်ပေါ့နော်၊ ညဘက်တွေလိုမျိုးမှာ တိတ်တိတ်လေး အသံလျော့ပြီး ခိုးလာတယ်၊ ကားသံလောက် ရှိတာကိုး၊ ပြီးရင် အနီးကပ် ကြဲချတယ်။ အဲဒီလိုမျိုး မြို့တွေ၊ ရွာတွေမှာ အဓိကသုံးပါတယ်၊ တကယ့်ပစ်မယ့်လက်နက်ရှိတဲ့ စစ်ပွဲတွေမှာ သုံးလို့မရဘူး”လို့ ပြောပါတယ်။
ဒီလိုအချက်တွေကြောင့်ပဲ စစ်တပ်ဟာ မြေပြန့်ဒေသလည်းဖြစ်၊ လက်နက်ခဲယမ်း အားနည်းမှုရှိတဲ့ မြေပြန့်ဒေသတွေမှာ စက်တပ်လေထီးနဲ့ Gyroplane တွေကို ပိုသုံးလာတာလို့ လေ့လာသူတွေက ယူဆကြပါတယ်။
တဖက်မှာလည်း ဝေဟင်ကင်းထောက်တွေအနေနဲ့ ဘယ်နှစင်းတက်လာပြီး ဘယ်ရောက်နေတယ် ဆိုတာကိုသာ သတင်းထောက်နိုင်တာကြောင့် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရလို့ သတင်းအချက်အလက်ရရှိမှုနည်းတဲ့ အရပ်သားတွေ အများဆုံး ထိခိုက်၊ သေဆုံးနေရကြောင်း ကိုနွေဦးက ထောက်ပြပါတယ်။
စိုးသူအောင်