
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၈ ရက် မွန်းတည့် ၁၂ နာရီခွဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်က ၇ ယောက် သေဆုံးကာ လက်နက် ၂ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ ကနီမြို့ ရပ်ကွက် ၃ အတွင်းပိုင်းထဲအထိ ရဲဘော် ၇ ယောက်နဲ့ ပြောက်ကျားစနစ် အသုံးပြုပြီး စစ်ကောင်စီ ကင်းလှည့်နေတဲ့အဖွဲ့ကို အလစ်ဝင်ပစ်ခတ်ခဲ့တာဗျ။ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးခဲ့တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ကနီမြို့နယ် 9+ အဖွဲ့ဝင် ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး MA-1 တလက်၊ MA-11 တလက်နဲ့ တခြားစစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
ကနီမြို့နယ်နေ တောင်သူတယောက်က “မနေ့ကတော့ ကနီမြို့အနောက်ဘက် ယုန်မရတောဘက်မှာ ကျောက်လုံးကြီးအဖွဲ့က ရဲဘော်တွေ သေနတ် ၂ ချက်ဖောက်ပြီး ပြန်သွားတယ်။ ဒီနေ့ကတော့ မြို့ထဲမှာ တိုက်ပွဲဖြစ်တယ်လို့တော့ အသံကြားတယ်။ ကျနော်တို့ တောတဲတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့က ဝေးတယ်ဗျ။ လက်နက်ငယ် ပစ်တဲ့အသံတွေတော့ ကြားလိုက်ရတယ်” လို့ ပြောပါတယ်။
ကနီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က ကနီမြို့နဲ့ အနီးအနားက ကနဲ၊ ကျွန်းဖျား၊ ရွာသာ၊ နတ်ကြီး၊ မုဌော၊ ငါးဖျက်၊ ပန်းဆိုင်၊ မင်းကုန်း စတဲ့ အနီးဝန်းကျင်ကျေးရွာတွေဆီကို ကင်းထောက်ဒရုန်းတွေနဲ့ ထောက်လှမ်းပြီး ဒရုန်းယာဉ်နဲ့ ဗုံးသီးချတာတွေလည်း ပြုလုပ်လေ့ရှိပါတယ်။