
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်၊ လောင်ခွန်ကျေးရွာအုပ်စု၊ ဘော်ကြိုနဲ့ ၂ မိုင် ဝန်းကျင်အကွာ လောင်ခွန်ရွာအထိ စစ်ကောင်စီတပ်တွေ ရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လက်ရှိ တိုက်ပွဲက ကျင်သီတံတားအနီး ရောက်လာပြီဆိုတာ ဟုတ်ပါတယ်။ ရေပူအကျော် လောင်ခွန်ရွာကို ရောက်နေပါပြီ” လို့ ပြောပါတယ်။
ကျင်သီတံတား ကျိုးသွားတယ်လို့ ပျံ့နေပေမဲ့ လက်ရှိအထိ ကျင်သီတံတား မကျိုးဘူးလို့ သူက ပြောပါတယ်။
တိုက်ပွဲက ကျင်သီတံတားက လမ်းမကြီးအတိုင်းသွားရင် နီးနီးလေး ဆိုပေမဲ့ စစ်ကြောင်းသွားမယ့် ပုံစံက ဘယ်လိုသွားလဲဆိုတာ မသိလို့ စစ်ကောင်စီတပ်တွေ ကျင်သီတံတား ရောက်ပြီလား မပြောတတ်ဘူးလို့ သူကပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က “သီပေါမြို့ထဲတော့ ခြောက်ကပ်နေပြီ၊ လူမရှိသလောက်ပဲ။ ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး မစည်တော့ဘူး။ ကျင်သီ ပြီးရင် ဘော်ကြို ရောက်ပြီလေ” လို့ ပြောပါတယ်။
ဒေသခံတွေက တိုက်ပွဲ နီးကပ်လာသလို လေကြောင်းအန္တရာယ် စိုးရိမ်တာကြောင့် ရှောင်တိမ်းကုန်ကြပြီး လက်ရှိ စစ်ကောင်စီတပ် ရောက်နေတဲ့ လောင်ခွန်ရွာနဲ့ သီပေါမြို့က ၈ မိုင်ခန့်သာ ကွာဝေးပြီး လောင်ခွန်ရွာနဲ့ ဘော်ကြိုရွာက ၂ မိုင်ခန့်သာ ကွာဝေးတယ်လို့ သူက ဆိုပါတယ်။
သက်ကြီးရွယ်အို ဘိုးဘွားတွေနဲ့ ဆရာတော်၊ သံဃာတော်တွေ ဘော်ကြိုဘုရားကြီး ကျောင်းဝန်းထဲ ခိုလှုံနေကြောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ဘော်ကြိုကျောင်းတိုက် ဆရာတော်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ မေတ္တာရပ်ခံ အကြောင်းကြားထားတာကို တွေ့ရပါတယ်။
သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်ဖြစ်တဲ့ ဘော်ကြိုဘုရားကြီး စေတီတော်နဲ့ ရှေးဟောင်း ကျောင်းတော်ကြီးတွေကို မပျက်မစီးရလေအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်း ထိန်းသိမ်းပေးကြဖို့လည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်အစပ်၊ ပြည်ထောင်စုလမ်းမပေါ်က နောင်အန်းရွာကိုတော့ အောက်တိုဘာ ၁၀ ရက်နေ့က သိမ်းလိုက်ကြောင်း စစ်ကောင်စီ ထောက်ခံသူတွေက လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ကျောက်မဲမြို့နယ်၊ လည်ကြီးရွာ၊ ပစီးရွာတွေကိုလည်း အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီကျော်ခန့်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်တွေ ထိခိုက်မှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
စစ်ကောင်စီဘက်က သီပေါနဲ့ ကျောက်မဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက် အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် မြို့စာရင်းထဲ ထည့်ထားတာကိုတွေ့ရပြီး ကျောက်မဲမြို့ကို သိမ်းယူပြီးနောက် သီပေါဘက်ကို ဦးတည်ကာ ဆက်တိုက် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။




