
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ အနေနဲ့လည်း စေတီပုထိုးတွေကိုရှောင်ပြီး တိုက်ပွဲဖော်ဆောင်မယ်လို့ ပြောပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လူနေအိမ်ခြေ ၅၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၉ ရက်မှာ ညောင်ဦးမြို့နယ် တောင်ဇင်းရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေက မန်ကျည်းတန်းရွာကနေတဆင့် ကန်နီပေါက်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။
အောက်တိုဘာ ၁၀ ရက်နေ့မှာ သဲပြင်တောရွာကတဆင့် မန်ကျည်းတန်း၊ ကျောက်ပြင်ကန်ရွာတွေကို ဆက်လက်ဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာတော့ ကျောက်ပြင်ကန်နဲ့ ဂျိုးကန်ရွာတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းက ကျေးရွာတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးနောက် အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကြောင်းတကြောင်းက စဉ့်ကူနယ်ထဲကို ဝင်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ဦးဒေသခံတယောက်က “ကန်နီပေါက်က ၁၁ အိမ်ပါတယ်။ ဂျိုးကန်ရွာက ၈ အိမ် ပါတယ်။ ကျောက်ပြင်ကန်က ၄ အိမ် ပါတယ်။ အဲဒီက မီးရှို့ပြီးထွက်လာပြီးတော့ ဂျိုးကန်ရောက်တော့ ဂျိုးကန်မှာ ထပ်ရှို့တယ်။ အဲ့ ဂျိုးကန်ကနေမှ ကျောက်ပြင်ကန်ရောက်တာ အဲ့စစ်ကြောင်းက၊ ကျောက်ပြင်ကန် မီးရှို့သွားပြီးမှ ကျနော့်နယ်ဘက်ကို ရောက်သွားတာ။ အဲ့ကနေ စဉ့်ကူဘက်ကို ဆုတ်သွားတာ။ ရှောင်နေတဲ့သူတွေက ရွာတွေကို ပြန်ဝင်ပြီးတော့ မီးရှို့တဲ့ရွာတွေက သန့်ရှင်းရေးတွေ လုပ်နေတာပေါ့” လို့ ပြောပါတယ်။
ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ညောင်ဦး တပ်မ ၈၈ လက်အောက်ခံတပ်တွေ၊ ကျောက်ပန်းတောင်းမြို့နယ်ဘက်က စစ်ကောင်စီတပ်သားတွေနဲ့ တောင်ဇင်းနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတွေက အဓိက စစ်ကြောင်းထိုးနေတာပါ။
စစ်ရေးလိုအပ်ချက်အရ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ ခရီးသွားလာနေတဲ့ ယာဥ်တွေကို ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း ယာဥ်တွေ ဖြတ်သန်းသွားလာချိန်မှာ မှန်တံခါးတွေချပြီး မောင်းနှင်ဖို့ကိုလည်း ညောင်ဦးမြို့နယ် ပကဖက အောက်တိုဘာ ၁၁ ရက်နေ့မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေမှာ စစ်ရေးမပြုလုပ်ဖို့ ၂၀၂၂ ခုနှစ်က ကြေညာထားခဲ့ပေမဲ့ စစ်တပ်က စစ်ကြောင်းထိုးတာတွေ လုပ်နေတာကြောင့် စေတီပုထိုးတွေနဲ့ဝေးတဲ့ စစ်ကောင်စီ အထိုင်ချရာ နေရာတွေကို တိုက်ပွဲဖော်ဆောင်မှုတွေ လုပ်နေတယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူက ပြောပါတယ်။
“စစ်ကြောင်းက လောလောဆယ် ၂ ကြောင်း ထိုးနေတာဗျ။ စစ်ကြောင်းက ချန်ခဲ့တဲ့ အင်အားလည်း ရှိသေးတယ်လေ၊ ထွက်တဲ့ဟာက အထွက်ပြတာပေါ့၊ စေတီပုထိုးတွေက ထိခိုက်မှုမရှိအောင် တိုက်ပွဲဖော်ရတာပေါ့နော်။ ညောင်ဦးမြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းတွေ၊ စစ်တပ်တွေ သူတို့နေရာချထားတဲ့ နေရာတွေက စေတီပုထိုးတွေနဲ့ ဝေးတယ်ဗျ။ ကျနော်တို့ကြောင့်တော့ ထိခိုက်မှုမရှိနိုင်ဘူး။ ကျနော်တို့မှာ သူတို့လောက် လေယာဉ်လည်းမရှိဘူး၊ လက်နက်ကြီးလည်း မရှိဘူး။ တခု ထိခိုက်မယ်ဆို သူတို့ကြောင့်ပဲ ထိခိုက်နိုင်တာ။ လေယာဉ်နဲ့ လက်နက်ကြီးကြောင့်သာ စေတီပုထိုးတွေက ထိခိုက်နိုင်တာ၊ လက်နက်ကြီးကြောင့်သာ ထိခိုက်နိုင်တာ။”
စစ်တပ် ခြေကုပ်ယူထားတဲ့ ညောင်ဦး-မြင်းခြံ-ငါးသလောက် လမ်းပိုင်းတွေကို နယ်မြေစိုးမိုး ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ညောင်ဦးဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သီရိ




