
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေဆုံးပြီး ၁၂ ယောက် အရှင်ဖမ်းမိတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၅ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။
အဆိုပါတိုက်ပွဲအတွင်း လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေအောက်ရှိ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ ရဲ့ ညွှန်ကြားမှုအောက်မှာ အမှတ် ၃၈၀၂ နဲ့ ၃၈၀၃ တပ်ရင်းတွေ၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။




