
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲမှာ အောက်တိုဘာ ၁၃ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတယောက် အပါအဝင် ၅ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့သလို တိုက်ပွဲအတွင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ဝင်တယောက် ကျဆုံးခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကိုင်း-မင်းကွန်း လမ်းပေါ်မှာရှိတဲ့ စစ်ကိုင်းမြို့နယ်ထဲက ပေါက်တောရွာမှာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတယောက် အပါအဝင် ၅ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့လည်း ဆိုပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တာဝန်ခံ Some Day က “သူတို့ဘက်က အင်အား ၂၀ လောက်နဲ့ လက်နက်မဲ့ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့အချိန်မှာ ကျနော်တို့ဘက်က အလစ်အငိုက် သွားရောက်ပစ်ခတ်ခဲ့တာပါ။ ၁၅ ယောက်လောက် ဒဏ်ရာတွေနဲ့ အနီးနားက ပြည်သူပိုင်ဆိုင်ကယ်တွေ လုပြီး ထွက်ပြေးသွားကြတယ်။ ဘာလို့ ထွက်ပြေးသွားကြတာလဲ ဆိုတော့ ခလရ ၁၁၆ က သူတို့အရာရှိ ဗိုလ်ကြီးမင်းထွန်းစိုး အပါအဝင် ၅ ယောက်က နေရာမှာတင် ပွဲချင်းပြီးသေလို့ပါ။ ၁ နာရီနီးပါးလောက် တိုက်ပွဲဖြစ်တဲ့အတွင်းမှာ ကျနော်တို့ဘက်ကလည်း ရဲဘော်တယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ပါတယ်ဗျ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၃ လက်၊ MA5 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ အိုင်ကွန်စက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အတတ်နိုင်ဆုံး ရှောင်ရှား သွားလာနေထိုင်ကြဖို့လည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထား ပါတယ်။




