
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲထားသူတွေကို မူးယစ်ဆေးတိုက်ပြီး ရှေ့တက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
မြေပြင်ရဲဘော်တယောက်က “သူတို့က ဘယ်လိုဆေးသုံးမသုံး သိလည်းဆိုရင် ဘလိုင်းကြီး ပြောင်(လက်နက်မဲ့)တောင်မှ သူတို့တက်ရဲတယ်လေ။ ဆေးမသုံးဘဲဆိုရင် တက်ရဲလောက်အောင်က လူလေနော်၊ တိရစ္ဆာန်မှ မဟုတ်တာ သိသာတာပေါ့” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်က တနန်းဥကွိုင်နဲ့ ဒေါငံခါးရပ်ကွက်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုလမ်းမတလျှောက်၊ ဘောလခဲမြို့နယ် ကျေးရွာတချို့၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံး စတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အောက်တိုဘာလထဲ စစ်ကြောင်းထိုးနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်က ပေါ်တာဆွဲထားသူတွေကို ဆေးသုံးပြီး ရှေ့တန်းတက်ခိုင်းကာ သေဆုံးတာတွေလည်း များတယ်လို့ သိရပါတယ်။
ပြည်သူ့စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရပြီး လွတ်မြောက်လာသူတယောက်က “တပ်(စစ်တပ်)မှာဆို ရှိတယ်ဗျ၊ ယဉ်ယဉ်လေးနဲ့ ကြောင်နေတာ လွတ်နေတာတွေ၊ တချို့ကျတော့လည်း ရယ်တဲ့ကောင်က ရယ်နေတာ၊ ငိုတဲ့ကောင်က ငိုနေတာ။ သူတို့အိမ်တောင် သူတို့မသိဘူး၊ သူတို့နာမည်တောင် မသိတော့ဘူး။ အဲဒါမျိုး အများကြီးပါတယ်” လို့ ပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပစ တွေကို ရှေ့ဆုံးကနေ တက်ခိုင်းပြီး စစ်ကြောင်းထိုးခိုင်းနေကာ သေဆုံးတာတွေ များနေတာကြောင့် ပစတချို့ကလည်း တော်လှန်ရေးအင်အားစုဆီမှာ ဘက်ပြောင်းခိုလှုံတာတွေ ရှိနေပါတယ်။
အောက်တိုဘာလထဲ ကရင်နီက တော်လှန်ရေးအင်အားစုတွေဆီမှာ လက်နက်နဲ့အတူ ဘက်ပြောင်းခိုလှုံလာသူ ၄ ယောက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။




