Home
မြန်မာသတင်း
မြောင်မြို့နယ်၌ စစ်တပ် လက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သား ၃ ဦး ဒဏ်ရာရ
DVB
·
October 20, 2025

စစ်ကိုင်းတိုင်း၊‌ မြောင်မြို့နယ်၊ ကင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နွား ၃ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေ ပစ်ခတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံရွာသားတယောက်က “ပစ်တာက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာ။ ၂ လုံးက ရွာထိပ်ကျပြီး ပြည်သူ ၃ ယောက် ဒဏ်ရာရရှိပါတယ်။ နွား ၃ ကောင် သေဆုံးခဲ့ရတယ်ဗျ။‌ ဒဏ်ရာရတဲ့သူ ၃ ယောက်က အမျိုးသား‌တွေပါဗျ။ အသက် ၂၅ နှစ်အရွယ် တယောက်နဲ့ အသက် ၃၀ ဝန်းကျင် ၂ ဦးပါဗျ။‌ နောက်ထပ် နွား ၃‌ ကောင်လည်း သေဆုံးခဲ့ရတယ်ဗျ။‌‌ မြေပြင်မှာတော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေတာတော့ ရှိတယ်။ အဲဒီစစ်‌ကြောင်းကလည်း ရွာနဲ့ ဝေးပါသေးတယ်။ အခု လက်နက်ကြီးနဲ့ ပစ်တာကတော့  အကြောင်းမဲ့ပစ်တာလို့ပဲ ပြောရမယ်” လို့ ပြောပါတယ်။

အခုလို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ကျေးရွာသားတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။

တိုက်နယ် ပအဖ တာဝန်ရှိသူ ကိုသီဟက “အဲဒီရွာက ကျနော့်တိုက်နယ်ထဲမှာ ပါတဲ့ရွာပါ။ လက်နက်ကြီးပစ်လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရတာ မှန်ပါတယ်ဗျ။ လူကြီးက နောက်စေ့ထိတာ၊ စိုးရိမ်ရတယ်။ ကလေးလည်း ထိတယ်၊ နွား ၃ ကောင်လည်း သေတယ်။ အခုလည်း စစ်ကြောင်းက မြောင်နယေ ကျောက်ရစ်အနောက်ဘက် မကျီးအုပ်ရွာနဲ့ ရွှေပန်းရွာကြားမှာ ရောက်နေတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ တပ်ရင်းက‌နေ အောက်တိုဘာ ၁၈ ရက်က စတင်ပြီး မြောင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် စစ်ကြောင်း ဖြတ်သန်းသွားတဲ့ ကျေးရွာတွေ၊ စစ်ကြောင်းဦးတည်ရာ တည့်တည့်က ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013