
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မြောက်ပိုင်း၊ သစ်ချိုကျေးရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချသွားတာကြောင့် အသက် ၇ နှစ်အရွယ် ကလေးတယောက် အပါအဝင် အရပ်သား ၅ ယောက် သေဆုံးတဲ့အပြင် ဒဏ်ရာရသူလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပေါင် ၅၀၀ ဗုံးကြဲတာ။ ဒဏ်ရာရသူတွေကို ဆေးခန်းပို့ထားတယ်။ သေတာ ၅ ဦးလောက်ရှိတယ်။ အတိအကျတော့ မသိဘူး။ အားလုံးက ပြာနေကြတာဆိုတော့လေ” လို့ DVB ကို ပြောပါတယ်။
သစ်ချိုကုန်းကျေးရွာ စာသင်ကျောင်းကို YAK-130 ဂျက်ဖိုက်တာတစီးနဲ့ ကြဲတာဖြစ်ပြီး ဒေသခံ ၄ ယောက်ထက် မနည်းလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ညီလေးနဲ့ သူ့အမျိုးသမီးတော့ ဒဏ်ရာရတယ်။ ၅ ဦးကတော့ လက်တွေပြတ်ထွက် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးတယ်။ ကျတာက သစ်ချိုရွာနဲ့ ဥသျှစ်ကြီးရွာကြား စာသင်ကျောင်းအနီးကိုပါ။ အမည်တွေ အသက်တွေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အရာတော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ စစ်ကြောင်းထိုးနေတာရှိလို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။




