ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာကို ဒီနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ဆရာမ ၄ ယောက် ဒဏ်ရာရတယ်လို့ TNLA ဆီက သိရပါတယ်။
စစ်ကောင်စီလေတပ်ဟာ နမ္မတူမြို့က စာသင်ကျောင်းနဲ့ ဆရာမတွေ နားနေဆောင်ကို ဒီမနက် ၈ နာရီခွဲဝန်းကျင်မှာ ကြဲချတာဖြစ်ပြီး ဆရာမ ၄ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
TNLA ရဲဘော်တယောက်က “နှစ်နေရာကို တပြိုင်တည်း လာကြဲသွားတယ်။ အထက ၁ စာသင်ကျောင်းပေါ် ကျတယ်။ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးတယ်။ ဆရာမတွေအိပ်နေတဲ့ အဆောင်ပေါ် တလုံးကျတယ်။ အိပ်နေတဲ့ ဆရာမ ၄ ဦး ဒဏ်ရာရတယ်။ သေဆုံးတာတော့ မရှိဘူး။ ဗုံးခဏခဏကြဲနေလို့ ကျောင်းပိတ်ထားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီအပြင် မနက် ၈ နာရီခွဲဝန်းကျင်မှာပဲ ဟိုမိန်းရွာကို ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်ပေါ်ကျပြီး ဒေသခံအမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက်တို့ သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဟိုမိန်းဒေသခံတယောက်က “သေတာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတဦးရယ်၊ ၁၉ နှစ်အရွယ် တဦးရယ်၊ အမျိုးသားက သက်ကြီးပိုင်းထဲကပဲ။ အားလုံး ဒေသခံတွေပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အုမ်းမစွမ်းရွာထဲကို ဗုံးကြဲလို့ ၂ ဦးသေပြီး တဦး ဒဏ်ရာရသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ဒေသမှာ နှစ်ပတ်အတွင်း ၃၆ ယောက် သေဆုံးထားပြီး ၄၀ ကျော် ဒဏ်ရာရတယ်လို့ TNLA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။








