
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁၁ ရက်မှာ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို နိုဝင်ဘာ ၆ ရက်ကလည်း လူနေအိမ်တွေကို မီးရှို့ပြီး ပြည်သူ ၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မြိုင်အနောက်တောင်ပိုင်းမှာရှိတဲ့ ရွာတွေကို အခု ၆ ရက်နေ့ကစပြီး စစ်ကြောင်းဝင်နေတာ ၅ ရက်လောက် ကြာတယ်။ အဲဒီ စစ်ကြောင်းဝင်တဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ စစ်ရှောင်တွေရဲ့ တဲတိုက်တွေ မီးရှို့ခံရပြီး ပြည်သူတွေကိုလည်း ဓားစာခံလုပ် ဖမ်းသွားကြသေးတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “သူတို့ အင်အား ၁၈၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့တဲ့ လမ်းကြောင်းပေါ်က နှမ်းဆီကန်ရွာကို ၆ ရက်နေ့မှာ ဝင်ပြီး ရွာခံ ၂ ယောက်ကို ဓားစာခံ ဖမ်းသွားတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ခိုးသယ်တယ်။ အိမ်တွေကို မီးရှို့ခဲ့တာ အိမ်အလုံး ၂၀ လောက် မီးလောင်ပျက်စီးတယ်။ နောက်တခါ ၁၁ ရက်နေ့ မြိုင်စက်မှု ၂ ဘက်ကို ပြန်ဆုတ်သွားတော့လည်း စစ်ရှောင်တဲတိုက် ၂ လုံးကို မီးရှို့ခဲ့ပြီး စစ်ရှောင်ပြည်သူ ၅ ယောက်ကို ဓားစာခံလုပ်ပြီး ထပ်ဖမ်းသွားကြသေးတယ်။ အဲဒီ စစ်ကြောင်းကြောင့်မို့လို့ ရွာ ၇ ရွာလောက်က ပြည်သူတွေ ထွက်ပြေးကြရတယ်” လို့ DVB ကို ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက် ညဦးပိုင်းမှာလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာ တပ်စွဲမယ့် မြိုင်စက်မှု ၂ ရဲ့ အနီးဝန်းကျင်ကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးတွေ ကြဲချခဲ့တာတွေအပြင် စက်လတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်မှာတော့ တွင်းမ ပျူစောထီးကျေးရွာနဲ့ သရက်ကန် ပျူစောထီးကျေးရွာတွေကတဆင့် မြိုင်စက်မှု ၂ ထဲကို ပြန်လည် ဝင်ရောက်သွားကြပေမဲ့ ဆက်လက်ပြီး စစ်ကြောင်းထိုးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြု သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။


