စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို နိုဝင်ဘာ ၁၂ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က အမြစ်ပြတ် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးဒေသခံတယောက်က “စစ်ကြောင်းက ကန့်ဘလူမြို့နယ်ဘက်ကနေ ၂ ကြောင်း ထွက်လာတာ။ ပထမစစ်ကြောင်းက ဇီးကုန်းသကြားစက်ကနေ ဝက်တိုးရွာကို ထွက်လာတယ်ဗျ။ ဝက်တိုးရွာကနေ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ခင်းပိုင်းကစထွက်ပြီး ကျနော်တို့ ခင်ဦးမြို့နယ် ရှားတောရွာကို ရောက်တယ်။ နောက်ထပ် နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကန့်ဘလူ ၆၀၀၆ တပ်ကနေ စစ်ကား ၄ စီးနဲ့ ကားငယ်တစီးနဲ့ စစ်သားတွေ တင်လာပြီး ကျီကုန်းရွာကို ချတယ်။ အဲဒီကျီကုန်းရွာကနေ ကာဘိုးရဲမှန်ဘုန်းကြီးကျောင်းမှာ ညအိပ်တပ်စွဲပြီး ၁၁ ရက်နေ့မှာ ဝက်တိုးရွာကို ရောက်လာခဲ့ပြီး ညအိပ်တပ်စွဲတယ်။ ဒီနေ့ နိုဝင်ဘာ ၁၂ ရက် နေ့မှာ ထပ်ပြီး စစ်ကြောင်းထိုးရာမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းမှူးအပါဝင် စစ်ကြောင်းတ ကြောင်းလုံး အကုန်သေကုန်တယ်။ ကျနော်တို့ ခင်ဦးမြို့နယ် ဒေသခံတွေနဲ့ ကန့်ဘလူ ဒေသခံ တွေကတော့ စစ်ဘေးရှောင်နေကြရတယ်” လို့ ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ခင်ဦးမြို့နယ် ရှားတောရွာမှာ ရောက်နေတဲ့စစ်ကြောင်းကို အင်အားဖြည့်သွာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ စိန်ဗေဒါအဖွဲ့ရဲ့ ခေါင်းဆောင်က “ကျနော်တို့ စစ်ကြောင်းတကြောင်းလုံးကို အကုန်ရလိုက်တာဗျ။ အရှင် ၁၅ ကောင်ကလွဲပြီး ကျန်တာအကုန်သေပဲ။ လက်နက်၊ ဒရုန်းယာဉ်၊ ဂျမ်ဘာ စတဲ့ စစ်ကြောင်းမှာပါတဲ့ ပစ္စည်းအားလုံးအကုန်ရတယ်။ သူတို့စစ်ကြောင်း စစ်ရှုံးလို့ နမခဘက်ကန ဂျိုက်ရိုကော်ပတာ ၃ စီးနဲ့ လာပြီး ဗုံးကြဲပစ်ခတ်သေးတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိခဲ့ပါဘူးဗျ။ တိုက်ပွဲအတွင်း ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ အနည်းငယ်ရခဲ့တာပဲ ရှိပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း သေနတ်မျိုးစုံ ၁၈ လက်၊ ဒရုန်း ၂ စင်း၊ ဂျမ်ဘာတွေ၊ စတားလင့် ဝိုင်ဖိုင်တလုံး၊ ကျည်မျိုးစုံ၊ မော်တာဆက်သွယ်ရေးစက် တလုံးနဲ့ ဆက်စပ်အရာတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက စစ်သား ၂၀ လောက် ဝက်တိုးရွာဘက် ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်စစ်သားတွေ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ပွဲကို ကန့်ဘလူမြို့နယ် ဗိုလ်ပိုင်ချဲက ဦးစီးပြီး စိန်ဗေဒါအဖွဲ့၊ ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်ပကဖ၊ ရေဦးမြို့နယ်ပကဖ လက်ရုန်းတပ်၊ ခင်ဦးမြို့နယ် ပကဖ နဲ့ ပလဖ၊ ကန့်ဘလူမြို့နယ် ကာဘိုးပလဖ မဟာမိတ်တပ်ပေါင်းစုက ပူပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ စစ်ကိုင်းတပ်မ ၃၃၊ ဝန်းသိုလ်မြို့ ၁၀၂ တပ်နဲ့ ကန့်ဘလူမြို့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဖြစ်တယ်လို့ ကန့်ဘလူမြို့ပေါ်မှ စစ်တပ်နဲ့ နီးစပ်သူတယောက်ဆီက်ဆီက သိရပါတယ်။





