
မကွေးတိုင်း၊ မြိုင်မြို့၊ ရွာတန်းရှည်ရွာက ပြည်သူ ၂ ယောက်ကို နိုဝင်ဘာ ၁၂ ရက် နေ့ခင်းပိုင်းမှာ စစ်တပ်က ဝက်ပုတ်မှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်က ကန်ပျူရွာမှ စက်မှု ၂ ကို စစ်ကြောင်းထိုးစဉ် ရွာတန်းရှည်ရွာမှ ပြည်သူ ၅ ယောက်ကို ဖမ်းဆီးပြီး ၂ ယောက်ကို သတ်ဖြတ်ခဲ့တာလို့လည်း သိရပါတယ်။
ဒေသခံ မိသားစုဝင်တယောက်က “အဝတ်အစားမေ့လို့ ပြန်ယူတာကို စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံခဲ့ရတာပါ။ သူတို့ စက်မှု ၂ အထိ ခေါ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့ ထင်ခဲ့တာ။ အခုတော့ ပြန်လွှတ်မပေးဘဲ နိုဝင်ဘာ ၁၂ ရက်နေ့ ဝက်ပုတ်ရွာကို ခေါ်ဆောင်ပြီး သတ်ထားခဲ့ကြတာ။ သတ်တာတောင် ကြိုးတုပ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်တွေကို ဓားနဲ့မွှမ်းပြီး ဦးခေါင်းနောက်ကနေ သေနတ်နဲ့ ပစ်သတ်ထားခဲ့တာ” လို့ ပြောပါတယ်။
စစ်ကြောင်းဖမ်းဆီးခံရသူ ၅ ယောက်ထဲက ကျန်ရှိတဲ့ ၃ ယောက်ဟာလည်း ဒီနေ့ နိုဝင်ဘာ ၁၃ ရက် အထိ ပြန်လွှတ်မပေးသေးဘဲ သေလား၊ ရှင်လား ဆိုတာ အတည်မပြုနိုင်သေးဘူလို့လည်း သိရပါတယ်။
အညာမြေတပ်ပေါင်းစုက တာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က “ဒါက ပြည်သူအစစ်အမှန်တွေကို သတ်ဖြတ်တာ။ စစ်တပ်က အပြစ်မဲ့ ပြည်သူကို သတ်ပြတာဟာ အကြေက်တရား ရိုက်ထည့်တာဗျ။ အသတ်ခံရတာက အသက် ၄၀ နှစ်ရှိတဲ့ ပြည်သူအမျိုးသမီးတဦးနဲ့ ၅၂ နှစ်အရွယ် အမျိုးသားတဦးကို ဝက်ပုတ်ကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းအနီး သတ်ဖြတ်ခဲ့တာ။ နောက်ပြီး ဝက်ပုတ်ရွာက လူနေအိမ် ၂ လုံးကိုလည်း မီးရှို့ထားခဲ့ကြတယ်ဗျ။ အဲဒီစစ်ကြောင်းက စက်မှု ၂ ထဲ ပြန်ဝင်သွားပြီး ပြန်ထွက်မလာသေးဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မြိုင်၊ ပခုက္ကူ၊ ပေါက် စတဲ့ ၃ မြို့နယ်မှာ စစ်ကြောင်း ၄ ကြောင်းနဲ့ အင်အားအများအပြား အသုံးပြုကာ မြေပြင်ထိုးစစ်ဆင်နေပြီး ဒေသခံပြည်သူ အများစုလည်း နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။


