
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အောက်တိုဘာလ နှောင်းပိုင်းကစလို့ ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်ကိုင်း တပ်မ ၃၃ က ပို့တဲ့စစ်ကြောင်း၊ ရွာသာကြီး အထိုင်စခန်းကထွက်တဲ့ စစ်ကောင်စီစစ်ကြောင်း၊ ရွှေဘိုမြို့ပေါ်က ထွက်တဲ့ စစ်ကောင်စစ်ကြောင်း စတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါ စစ်ကြောင်း ၃ ကြောင်းက ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းက လှတော၊ ပင်းဇင်ရွာတွေမှာ ရောက်ရှိနေပြီး အနီးဝန်းကျင်ကျေးရွာတွေကို လှည့်လည် စစ်ကြောင်းထိုးနေတဲ့အတွက် ဝက်လက်မြို့ပေါ် အနီးတဝိုက်နဲ့ ရွာသာကြီးရွာ တဝိုက်က ကျေးရွာ ၂၀ ဝန်းကျင်က ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကြောင်းက အနီးဝန်းကျင်ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်နေသလို နိုဝင်ဘာ ၁၂ ရက် မနက် ၇ နာရီဝန်းကျင်မှာ လှတောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ရွာသာကြီးဘက်ကို သူတို့ တပ်မ ၃၃ ကနေ MI 17 နဲ့ ချတယ်။ ရွာသာကြီး (--)ထိုင်ကနေပြီးတော့လည်း အနီးဝန်းကျင် ကျေးရွာတွေကို ခွဲခွဲပြီးတော့ ကျေးရွာတွေကိုဝင်တယ်၊ မီးတွေရှို့တယ်။ ရွှေဘိုကနေထွက်လာတဲ့ စစ်ကြောင်းကလည်း စိုင်နိုင်ကွေ့ကနေ လှတောကိုဝင်တယ်။ ကျေးရွာတွေကို မီးရှို့ပြီးတော့ အခုလောလောဆယ် ပင်းဇင်မှာလည်း ဝင်ထားတယ်ဗျ၊ ပြန်မထွက်သေးဘူးဗျ။ ဆက်လက်ရွေ့လျားပေါ့နော်၊ ထိုးလိုက် ငြိမ်သွားလိုက် အဲလိုလုပ်နေတယ်ဗျ” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း အောက်တိုဘာလလယ်ကစပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မုံရွာဘက်ကလာတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေခဲ့တာပါ။
စစ်ကြောင်းကြောင့် ပြည်သူ ၁၆,၀၀၀ နီးပါးလည်း စစ်ဘေးရှောင်နေကြရသလို နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာလည်း မုံရွာဘက်ကနေ ဆားလင်းကြီးမြို့နယ်ဘက်ကို စက်လှေနဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက် အင်အားဖြည့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်းက အရင်လကတည်းက ရောက်နေတာ။ ပလောင်နဲ့ ဝက်မှေးကန်တောမှာ တိုက်ပွဲက လောလောဆယ်တော့ မရှိဘူး။ ဝမ်ပေါင်ကနေ လက်နက်ကြီးနဲ့ ပစ်တာတော့ ရှိတယ်။ နောက်ဘက်ကမ်းက ပလောင်၊ ကူးတို့ကုန်း၊ ဝက်မှေးကန်တော၊ ဇီးတောဆည်တော ရွာသစ်ရွာဟောင်းကတော့ ဘေးလွတ်ရာကို ရှောင်နေရတယ်။ စစ်ကြောင်းက အင်အား ၃၀၀ ကျော်တော့ရှိမယ်။ ခုနကတော့ မုံရွာဘက်က အင်အား ၇၀ လောက်ရှိတယ်။ စစ်ကြောင်းကတော့ ဝမ်ပေါင်ပတ်ချာလည် လှည့်သွားနေတယ်” လို့ ပြောပါတယ်။
တခြားမြို့နယ်တွေဖြစ်တဲ့ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ စတဲ့မြို့နယ်တွေကိုလည်း စစ်အင်အားဖြည့်တာတွေ၊ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ကန့်ဘလူမြို့နယ်ဘက်ကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့သွားတဲ့ စစ်ကိုင်း တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကြောင်းမှူး အပါအဝင် အယောက် ၅၀ သေဆုံးပြီး စစ်သုံ့ပန်း ၁၅ ယောက်ကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
သီရိ


