
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က မာလဲရွာစာသင်ကျောင်းမှာ မတ္တရာမြို့နယ်က စစ်ရှောင်တွေ ရောက်နေချိန် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညပိုင်းက တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ်တစီးနဲ့ လေကြောင်းတိုက်ခိုက်သွားတာဖြစ်ပြီး အရပ်သား ၅ ယောက် သေဆုံးပြီးတော့ ၅ ယောက်ထက်မနည်း ဒဏ်ရာရသလို စာသင်ကျောင်းနဲ့ အဆောက်အအုံ ၂ လုံး ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စဉ့်ကူးမြို့နယ် ဒေသခံတယောက်က “သူတို့က မတ္တရာဘက်ကနေ စစ်ရှောင်လာတဲ့သူတွေပါ။ လတ်တလောကတော့ သူတို့အမည်တွေကို စုံစမ်းနေဆဲပါ။ ထိတာမှာ ကလေးတွေလည်း ပါတယ်။ ဒဏ်ရာတွေ ပြင်းပါတယ်”လို့ ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်မှာလည်း စဥ့်ကူးမြို့နယ် ရွှေပြည်ကျေးရွာစာသင်းကျောင်းနဲ့ ညောင်ကုန်းရွာတွေကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် အမျိုးသား တယောက်၊ အမျိုးသမီး ၂ ယောက် သေဆုံးသလို အမျိုးသမီး တယောက်နဲ့ အမျိုးသား ၅ ယောက် ဒဏ်ရတယ်လို့ စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးတွေ ကြဲနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


