
ရခိုင်မှာ ၂၀၂၅ ခုနှစ်အတွင်း ရိုဟင်ဂျာလက်နက်ကိုင် ARSAA အဖွဲ့ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ဒေသခံ သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိလာနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုရွာရဲ့ အရှေ့ဘက် တံတားအနီးမှာ ခရီးသည်တင်ကားတစီးကို ရိုဟင်ဂျာလက်နက်ကိုင် (ARSA) အဖွဲ့က ချုံခိုတိုက်ခိုက်တာကြောင့် ကလေးမိခင်တယောက်နဲ့ အမျိုးသားတယောက် နေရာမှာတင် သေဆုံးသွားပြီး ကားသမား ကိုထွန်းဝင်းနဲ့ မောင်သန်းထွီး တို့ကတော့ ဒဏ်ရာများစွာနဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ သမီးငယ် ခိုင်မြတ်မွန် အသက် ၃ နှစ်ကိုတော့ မိခင်ရဲ့ အလောင်းဘေးမှာ အသက်ရှင်လျက် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ကိုထွန်းဝင်းက ခြေထောက်သေနတ်ထိမှန်တဲ့ ဒဏ်ရာကြောင့် လမ်းလည်း ကောင်းကောင်းမလျှောက်နိုင်သေးသလို ချိုင်းထောက်အကူအညီနဲ့သာ သွားလာနေရတာပါ။
တဖက်မှာလည်း သူဟာ အဲဒီအဖြစ်အပျက်ဆိုးကြီး ကြုံတွေ့ပြီးနောက်ပိုင်း ကြောက်လန့်စိတ်တွေနဲ့ပဲ ဖြတ်သန်းနေရတုန်းပဲလို့ ဆိုပါတယ်။
“သူတို့က အလ္လာဟ် ဝင်ဖို့ အဲလိုအော်ပြီးမှ တခါတည်းတန်းပစ်တာပါ။ ကျနော့်အပေါ်မှာထိတယ်။ ရင်ဘတ်တွေကနေသွားပြီး လက်မောင်းကိုလည်း ဖောက်သွားတယ်။ ပြီးရင် တင်ပါးတွေပေါ်မှာလည်း ထိတယ်။ အဲဒီမှာ ကားက တခါတည်း လေလျော့ပြီးမှ ထိုးရပ်သွားတာ။ ပြီးမှ ကျနော် ဆင်းပြေးတယ်။ သေနတ်သံကြားတာနဲ့ တခါတည်း ထွက်ပြေးတာ။ ကျနော် ထွက်ပြေးပြီး တဝက်လောက်အရောက်မှာပဲ ကျနော့်ခြေထောက်မှာ သေနတ်လာမှန်တယ်။ အဲဒီတော့မှ မှောက်လဲသွားတာ။ ပြီးမှ ငါ သေလို့မဖြစ်သေးဘူးဆိုတာ သတိရလာပြီး တခါတည်း တန်းပြေးတယ်။ လုံခြုံရေးအားနည်းလို့ဆိုရင် ကျနော်တို့ကလည်း အမြဲတမ်း စိုးရိမ်နေရမှာပါပဲ။ ခုလောလောဆယ်တော့ လိုင်းကားတွေလည်း မဆွဲရဲတော့ဘူး။ ကျနော်လည်း ကြောက်တယ်လေ။ ခုတွေးမိရင်တောင် ကြောက်မိတယ်။ ခု သူများကားနဲ့လာရင်တောင်မှာ ကျနော့်စိတ်ထဲမှာ မလွတ်မလပ် ခံစားရတယ်၊ မလုံခြုံဘူးပေါ့။”
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်နဲ့ ဘူးသီးတောင်ခရိုင်တွေမှာ ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ARSA နဲ့ RSO တို့ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ၂၀၂၅ ခုနှစ် မတ်လကနေစပြီး လက်ရှိအချိန်ထိ သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ARSA နဲ့ RSO တို့ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် မောင်တောခရိုင်အတွင်းရှိ ဒေသခံ ၁၅ ယောက်ထက်မနည်းနဲ့ ဘူးသီးတောင်ခရိုင်မှာ ၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ARSA နဲ့ RSO တပ်ဖွဲ့ဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်တွင်းကို စိမ့်ဝင်ရောက်ပြီး ဒေသခံ ရိုဟင်ဂျာတွေလို ဟန်ဆောင်ဝတ်ဆင်ကာ ပြောက်ကျားနည်းသုံးပြီး အကြမ်းဖက်မှုတွေကို လုပ်ဆောင်လာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ARSA နဲ့ RSO က ဒေသခံပြည်သူတွေကို လည်လှီးသတ်ဖြတ်တာ၊ ခြေတွေ၊ လက်တွေကို ခုတ်ထစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြားသားကျေးရွာသားတယောက်က “ရွာတိုင်းရွာတိုင်း ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောက်ရွံ့မှု ရှိကြပါတယ်။ ဘယ်နေရာသွားသွား ဖုန်းဆက်မယ်ဆိုရင် လိုင်းမရလို့ လိုင်းရတဲ့နေရာကို သွားရင်လည်း အသတ်ခံကြရတယ်။ ကျနော်တို့ရွာမှာဆိုရင်လည်း ARSA သတ်လို့ သေသွားရတာ ၅ ယောက်ရှိသွားပါပြီ။ မနေ့ကဆိုလည်း ရွှေတောင်ရွာမှာ တယောက်ခုတ်သတ်ခံရပြီးတော့ သေဆုံးခဲ့ရတယ်။ ကျနော်တို့ဖော်လို့ အလောင်းတော့ ပြန်ရပါတယ်။ ခု ကျနော်တို့ပြားသားရွာမှာဆိုရင် အဓိက ချောင်းကိုအားကိုးပြီးတော့ လုပ်စားရတာဆိုတော့ ခုလိုဖြစ်သွားတော့ ကျနော်တို့ အလုပ်အကိုင်အခက်အခဲဖြစ်ရပါတယ်။ ခုဆိုရင် ကျနော်တို့ရွာသားတွေဟာ စီးပွားရေး၊ နေရေးထိုင်ရေး၊ အသက်အန္တရာယ်တွေအားလုံး စိုးရိမ်နေရတဲ့ အနေအထားမှာရှိပါတယ်။ အဓိက ပြည်သူတွေကို ခြောက်လန့်ပြီး မနေရဲအောင်လို့ လုပ်နေတာပါ။ ကျနော်တို့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ခုလိုလုပ်နေတာက တော်တော်ဆိုးပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် (AA) အနေနဲ့ ARSA၊ RSO တွေကို လိုက်လံရှင်းလင်းနေပြီး တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရကို ထိရောက်စွာ အရေးယူပေးဖို့အတွက် တိုက်တွန်းပြောဆိုထားပါတယ်။
ကေခိုင်


