
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ကြီးကျည်ကောက်ယူ ဖြုတ်ကြည့်ရာက ပေါက်ကွဲပြီး အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၅ နာရီ ဝန်းကျင်လောက်က ပေါက်ကွဲသံကြားလိုက်ရပြီး၊ လက်နက်ကြီးကျည် ဖြုတ်ကြည့်တဲ့သူ ၂ ယောက် နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်က "မနောင်ယန်ဘက်က အိမ်တအိမ်မှာ အရပ်သား တယောက်နဲ့ KIA ဒေသ ကာကွယ်ရေး စစ်သားတယောက် လက်နက်ကြီးကျည် ဖြုတ်ကြည့်တာ ပေါက်ကွဲလာလို့ အဲဒီ စစ်သားလည်း အဲမှာ သေသွားတယ်။ အရပ်သားလည်း ခေါင်းတခြမ်းပဲ ရှိတော့တယ်”လို့ ပြောပါတယ်။
နမ့်ဖတ်ကာ ခလရ ၁၂၃ စခန်းသိမ်း တိုက်ပွဲတုန်းက မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ ၆၀ မမ လက်နက်ကြီးကျည်ဟောင်းကို KIA စစ်သားဖြစ်တဲ့ ယောရှုက ကောက်လာပြီး မနောင်ယန် ရပ်ကွက် ၅ က အရပ်သား လဗျအောင်ရဲ့ နေအိမ်မှာ လက်နက်ကြီးကျည်အထဲက TNT ယမ်းလိုချင်လို့ ဖြုတ်တပ်လုပ်ကြရင်း ပေါက်ကွဲ သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၅ ရက်မနက်ကလည်း နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ပန်ခါးရွာမှာ အမျိုးသား ၂ ယောက် တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီးကျည် တလုံး အတွင်းက ယမ်းမှုန့်တွေကို ထုတ်ယူဖို့ ကြိုးပမ်းရာက ပေါက်ကွဲသွားလို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။


