
စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းမှာ ခရီးသွားရင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲ လူသစ်စုဆောင်းခံရသူ လူငယ် ၄ ယောက် နိုဝင်ဘာ ၁၃ ရက်က ထွက်ပြေး လွတ်မြောက်လာတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Infinity Group ဆီက သိရပါတယ်။
Infinity Group တာဝန်ရှိသူတယောက်က “သူတို့ ၄ ယောက်ကတော့ မိဘတွေအနေနဲ့ ဆက်သွယ်နိုင်အောင်လို့ပါ။ သူတို့မိဘတွေနဲ့ ဆက်သွယ်ရခက်နေလို့ပါ။ ခရီးသွားရင်း ကန့်ဘလူနယ်ထဲက စစ်တပ်ဂိတ်တွေမှာ ပေါ်တာဆွဲချခံရတာပါ။ ဘယ်လိုထွက်ပြေးလာတာလဲ အသေးစိတ်တော့ မသိရသေးဘူး။ ပေါ်တာဆွဲခံရပြီး ကျွန်းလှမြို့ကို ပို့ပြီးတဲ့နောက် မနေ့က ထွက်ပြေးလွတ်လာတယ်လို့ပဲ သိရတယ်ဗျ။ နေရပ်ပြန်ပို့ပေးဖို့ပဲ စီစဥ်ထားလို့ပါ” လို့ DVB ကို ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ လူငယ် ၄ ယောက်ကို ကန့်ဘလူ တော်လှန်ရေးအဖွဲ့အစည်းတွေက ထိန်းသိမ်းပေးထားပြီး လွတ်မြောက်လာသူတွေက ပုလဲမြို့နယ်က ကိုအောင်သူမြင့်၊ ရေစကြိုမြို့နယ်က စိုးလင်းအောင်၊ ကနီမြို့နယ်က ကိုနေလင်းဦးနဲ့ မုံရွာမြို့နယ်က ကိုသန့်ဇင်ဖြိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာလည်း ရွှေဘို-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ စံပယ်နံ့သာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရသူတွေထဲက လူငယ် ၁၀ ယောက်ဟာ ကန့်ဘလူမြို့နယ် အမြောက်တပ် ၆၀၀၆ ကို ပို့ဆောင်ခံရချိန် လမ်းမှာပဲ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ အရပ်သားလူငယ် အမျိုးသား၊ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေ များလာပြီး ပြီးခဲ့တဲ့လထဲမှာပဲ အယောက် ၈၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန် ဖော်ပြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ကန့်ဘလူ-ခင်ဦးအစပ်မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် မနေ့ကနဲ့ ဒီနေ့တွေထိ ဂျက်ဖိုက်တာ ၆ စီး အသုံးပြုပြီး ကန့်ဘလူ-ခင်ဦးအစပ်၊ ရေဦး-တန့်ဆည်အစပ် ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


