
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဘာထလေကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက် မနက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသား ၃ ယောက်သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘာထလေကျေးရွာကို စစ်ကောင်စီက မနက် ၉ နာရီခွဲမှာ ဂျက်ဖိုက်တာတစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာသား ၃ ဦးသေဆုံးပြီး နောက်ထပ် ၄ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရသေ့တောင်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ၑစစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့ မနက် ၉ နာရီခွဲမှာ ဘာထလေရွာကို ပေါင် ၅၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ ကနဦး သိထားရကတော့ သေဆုံးသူ ၃ ဦးရှိတယ်။ နောက်ထပ်လည်း ၄ ဦးထက်မနည်း ဒဏ်ရာရရှိထားတယ်လို့ သိထားရတယ်။ အသေးစိတ်အခြေအနေတွေကတော့ စာရင်းကောက်ယူနေတုန်းပဲ။ အိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်” လို့ပြောပါတယ်။
သေဆုံးနဲ့ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ DVB က ဆက်လက်စုံးစမ်းနေဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ အောက်တိုဘာ လကုန်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဟာ ဆက်တိုက် မြင့်တက်လာနေပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေမှာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂၃ ယောက် သေဆုံးပြီး ၄၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ပြောထားပါတယ်။


