
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အရှေ့ခြမ်း၊ သာစည်ရွာရဲစခန်းကို နိုဝင်ဘာ ၁၇ ရက် မနက် ၉ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သာစည်ရွာဟာ စစ်တပ် လက်အောက်ခံရဲစခန်းအပြင် ကျောက်စစ်ပုံရွာ ၅၀၈ အမြောက်တပ်နဲ့ အနီးဆုံးရွာလည်း ဖြစ်ပါတယ်။
ဒေသခံ ရွာသားတယောက်က “ရဲစခန်းဘက်ဆီကနေ သေနတ်ပစ်သံတွေ ကြားရတာပဲ။ ပစ်တဲ့အသံ ကြာတဲ့အချိန် နာရီဝက်၊ တနာရီလောက်အထိ ကြာမယ်။ နှစ်ဖက် အထိအခိုက်ကတော့ ကျနော် မသိဘူး”လို့ ပြောပါတယ်။
ဘုတလင်မြို့နယ်တပ်ပေါင်းစု စစ်ကြောင်းနဲ့အတူ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကြွက်ကလေးက “သာစည်ရွာရဲစခန်းကို ကျနော်တို့ ဝင်ပစ်ခဲ့တာ ဟုတ်ပါတယ်ဗျ။ တိုက်ပွဲကြာချိန်မှာ မိနစ် ၃၀ ခန့်ကြာပြီး စ(-) အထိအခိုက်ကိုတော့ အတိအကျ မသိရသေးဘူးဗျ။ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း သာစည်ရွာမှ ကျောက်စစ်ပုံ အမြောက်တပ်ကို စစ်ကြောင်း ပြန်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။


