မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို နိုဝင်ဘာ ၁၇ ရက် မနက်က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ ပြည်သူ ၃ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “မနက် ၈ နာရီလောက်မှာ နတ်မောက်ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကြက်သောက်တွင်းရွာကို စစ်တပ်က လေယာဥ်နဲ့ ဗုံးတွေ ကြဲသွားတာပါ။ ပြည်သူ ၃ ယောက် သေဆုံးသွားပါတယ်။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း စိုးရိမ်ရတဲ့သူ ၃ ယောက်လောက် ရှိနေသေးတယ်” လို့ ပြောပါတယ်။
သေဆုံးသွားကြသူတွေဟာ ကြက်သောက်တွင်းကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဦးစိုးတင့်၊ အသက် ၃၂ အရွယ် ဦးဌေးလှိုင်နဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်မျိုးသီတာတို့ဖြစ်ပါတယ်။
နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက “တိုက်ပွဲဖြစ်တာလည်း မရှိ၊ ရန်သူ့ရဲ့ မြေပြင်စစ်ကြောင်းထိုးတာလည်း မရှိဘဲနဲ့ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပြည်သူကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ ဗုံး ၂ လုံးကြဲသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်ထဲကို ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေလို့ ပြည်သူတွေ ထိခိုက်သေဆုံးနေရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေ ပြုလုပ်ထားကြဖို့အပြင် လေကြောင်းရန် သတိပေးချက်တွေကို အတိအကျလိုက်နာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထား ပါတယ်။





