ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်လောက်က မင်္ဂလာဆောင်ကျင်းပနေတဲ့နေအိမ်အနီးကို စစ်တပ်ကဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက်သေဆုံးကာ အမျိုးသား တယောက် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်တွေလည်း ထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ဗုံးကြဲခံရတဲ့ရွာက ပေါက်ခေါင်းနဲ့က ၆ မိုင်လောက်ဘဲဝေးတဲ့ ကြို့ပင်ဝိုင်း ဆိုတဲ့ရွာ လေးတရွာပါ။ မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အိမ်နားကို လေယာဥ်နဲ့ဗုံးကြဲသွားတာ။ အမျိုးသမီး တယောက်သေဆုံးပါတယ်။ သူ့မှာ ကိုယ်ဝန် ၆ လလောက်ရှိတယ်။ အသက် ၃၅ ဝန်းကျင်လောက်ရှိတဲ့ မမို့မို့ဝင်း ပါ” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့အတွက် အသက် ၄၀ ကျော် ကိုသန်းဇော်ဦး ဟာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့သလို လူနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားပါတယ်။
ပြည်ခရိုင် ပကဖတာဝန်ရှိသူတယောက်က “ကြို့ပင်ဝိုင်းရွာနားမှာတိုက်ပွဲဖြစ်နေတာမရှိပါဘဲ စစ်တပ်ဘက်က အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချခဲ့တာပါ။ နောက်ပြီးတော့လည်း အဲ့ဒိရွာကို ချောင်းကောင်းရွာဘက်ကနေ လက်နက်ကြီးတွေနဲ့ ထုသေးတယ်”လို့ DVB ကို ပြောပါတယ်။
နိုဝင်ဘာလဆန်းပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်ထဲက သစ်ပုတ်ကျေးရွာအနီးကို စက်တပ် လေထီး ၃ နဲ့ တရက်တည်း ဗုံး ၉ လုံးကြဲချခဲ့ပေမဲ့ ထိခိုက်ပျက်စီးတာမရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပေါက်ခေါင်းမြို့ပေါ်မှာသာ အထိုင်ချတပ်စွဲနေပြီး အနီးအနား ကျေးရွာတွေဘက်ကိုတော့ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာ ကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့လေကြောင်းရန်ကို အထူးသတိပြုနေထိုင်သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။







