
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ချိုင်ဇောက်အောက်စုရွာက ပြည်သူတယောက်ကို နိုဝင်ဘာ ၁၇ ရက်မှာ စစ်တပ်က သတ်ဖြတ်ပြီး ရွာကိုလည်း နိုဝင်ဘာ ၁၈ ရက်အထိ မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာမှ ပျူစောထီးနဲ့ စစ်တပ် ပူးပေါင်းစစ်ကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “စစ်ကြောင်းက နိုဝင်ဘာ ၁၇ ရက်နေ့က ရွာထဲကိုဝင်လာတယ်။ ကျနော်တို့ ချိုင်ဇောက်အောက်စုက ကိုတင်မောင်ဌေး ဆိုသူကို သတ်ဖြတ်တယ်ဗျ။ စစ်ကြောင်းက ရွာကိုလည်း မီးရှို့တယ်။ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ခင်း ၁၀ နာရီကျော်မှာလည်း ရွာကို မီးထပ်ရှို့နေတယ်ဗျ။ စစ်ကြောင်းက ရွာထဲကနေ ပြန်မထွက်သေးတော့ ကိုတင်မောင်ဌေး အလောင်းကို မကောက်ရသေးဘူး။ ကျနော်လည်း စစ်ကြောင်းအဖမ်းခံရပြီး စစ်သားတွေ မသိခင် ကံကောင်းလို့ ထွက်ပြေးနိုင်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းအတွင်းမှာ လိုက်ပါလာတဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေဟာ အရက်နဲ့ စိတ်ကြွ မူးယစ်ဆေးဝါးတွေ သုံးစွဲတယ်လို့လည်း သိရပါတယ်။
ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန တာဝန်ရှိသူ ကိုထွေးညိုက “စစ်ဘေးရှောင်နေရတဲ့ရွာက အတော်များတယ်ဗျ။ အခု မီးရှို့တဲ့ ကျေးရွာအနီးမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်တာရှိတယ်။ ကျနော်တို့ကတော့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို ကူညီပေးဖို့ တာဝန်ဆိုတော့ ကျနော်တို့အနေနဲ့ တတ်နိုင်သလောက် အစွမ်းကုန် ကူညီနေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီးရှိနေတယ်ဗျ။ ကူညီနိုင်သူတွေအနေနဲ့လည်း ကူညီပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ဗျာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းမှုကို အကြောင်းပြကာ ပြည်သူတွေကို သတ်ဖြတ်ပြီး ရွာတွေကို လိုက်လံ မီးရှို့နေတာလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
အမည် မဖော်လိုတဲ့ ပေါက်နယ်ပကဖ တာဝန်ရှိသူက “ကျနော်တို့ ချိုင်ဇောက် အောက်စုနဲ့ အထက်စု အနီးမှာ နိုဝင်ဘာ ၁၆ ရက် နဲ့ ၁၇ ရက်နေ့တွေမှာ အပြင်းအထန်တိုက်ပွဲဖြစ်တယ်ဗျ။ စစ်တပ်ဘက်က အထိနာပြီး ရွာတွေကို မီးရှို့နေတာပါ။ တိုက်ပွဲအတွင်း ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရတာလွဲပြီး ကျန်တာ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။
အိမ်ခြေ ၄၀၀ နီးပါးခန့်ရှိပြီး ပေါက်မြို့နဲ့ ၁၂ မိုင်နီပါးခန့် ဝေးတဲ့ ချိုင်ဇောက် အောက်စုနဲ့ အထက်စု ၂ ရွာက ဒေသခံတွေနဲ့ အနီးအနားကျေးရွာက ပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာနေကြရတယ်လို့ ဆိုပါတယ်။


