စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ်တို့ကို စစ်ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၁၇ ရက်ကစပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ညကစလို့ ကလေးမြို့နယ်တောင်ပိုင်း ပုံတောင်ဘက်ကို Y 12 နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒီနေ့မနက် ၉ နာရီနဲ့ ၁၀ နာရီမှာလည်း မကွေးလေတပ်က တက်လာတဲ့ Y 12 စစ်ထောက်ပို့ ဗုံးကြဲလေယာဥ်တစီးနဲ့ ဗုံးကြဲချတိုက်ခိုက်သလို တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့လည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
ကလေးမြို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်း သီးခြားထိုးနေတာ မရှိပါဘူးဗျ။ လက်ရှိက စစ်ရေးတင်းမာနေတဲ့ နေရာတွေဖြစ်လို့ ထုတ်ပြောလို့ မရလောက်သေးပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် ဂန့်ဂေါမြို့နယ် စန်းမြို့ရွာအနီးကိုလည်း မနေ့မနက် ၉ နာရီခွဲက ဂျက်ဖိုက်တာနဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အခုထိ လေကြောင်းကနေ ဗုံးကြဲနေတုန်းပဲ။ ၄ ရက်ရှိပြီ စစ်ကြောင်းတွေ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ။ စစ်ကြောင်းထိုးတာရော တိုက်ပွဲဖြစ်နေတာရောပဲ။ အခုပဲ Y 12 ထပ်လာပြီး အထုပ်တွေ ချပေးနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကန့်ဘလူ၊ ခင်ဦးနဲ့ ရေဦးမြို့အစပ်ကို စစ်ကောင်စီတပ်က အင်အား ၃၀၀ နီးပါး အသုံးပြုပြီး စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကစလို့ တကျော့ပြန် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့အထိ ရေဦး၊ ခင်ဦး၊ ကန့်ဘလူအစပ်မှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၄၅ ရွာက ဒေသခံထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေကို ဖော်ပြပေးတဲ့ Infinity Group က တာဝန်ရှိသူတယောက်က “အခုလက်ရှိ စစ်ကြောင်းက ခင်ဦးနယ် ပင်စိမ်းကင်းရွာဘက် ရောက်နေပြီ။ စစ်ကြောင်း ဖြန့်ထိုးနေတဲ့ သဘောပါ။ လက်ရှိတော့ စစ်ရှောင်နေရတဲ့ရွာတွေက ၄၅ ရွာလောက် ရှိတယ်ဗျ။ လူဦးရေ ၁၀,၀၀၀ အထက်ပါ။ လောလောဆယ် မီးရှို့ဖျက်ဆီး အခြေအနေက သိပ်မများသေးဘူးဗျ။ အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သတင်းလည်း အတည်ပြုလို့ မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ တပ်မ ၃၃၊ ခမရ ၃၆၁ နဲ့ ကြံစိုက်ပျိုးရေးတပ်အပြင် ပျူစောထီးတွေ ပါဝင်လာပြီး နိုဝင်ဘာ ၁၂ ရက်က ကန့်ဘလူနယ်ကနေ ခင်ဦးနယ်အစပ်ကို အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးသူ များပြီး နိုဝင်ဘာ ၁၃ ရက်မှာ ကန့်ဘလူနယ်ဘက်ကို ပြန်ဆုတ်သွားတဲ့တပ် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် အင်အားပြန်စုပြီးတော့ နိုဝင်ဘာ ၁၄ ရက်မှာ ထပ်မံစစ်ကြောင်းထိုးလာပြီး ဒီနေ့ နိုဝင်ဘာ ၁၈ ရက်အထိ ကန့်ဘလူနယ် ကာဘိုးတောင်ဘက်က အိုင်ပေါင်းချောင်၊ ကျောက်တိုင်၊ ကျီစုရွာတွေဘက်ကို စစ်အင်အားဖြန့် စစ်ကြောင်းထိုးနေလို့ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးအစပ်က စစ်ကြောင်းနဲ့နီးတဲ့ ရွာအများစုက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
စစ်ကောင်စီဟာ မကွေးတိုင်း ယောနယ်၊ ပေါက်နယ်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်း နေရာတွေကို ရက်ဆက် စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီပြီး ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်၊ ခြုံစောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။




