
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူတွေကို လိမ်လည်လှည့်ဖြားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ နိုဝင်ဘာ ၁၇ ရက် ရက်စွဲနဲ့ KNU က ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေကို စစ်အာဏာ သက်ဆိုးရှည်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာ မရှိဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ပြီး ဆန္ဒမဲတွေကို အလွဲသုံးစားမလုပ်ကြဖို့ KNU ဒူးသထုံခရိုင်-ဘားအံမြို့နယ် မြို့နယ်အလုပ်အမှုဆောင်ကော်မတီက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်ဘေးဒဏ်တွေကြောင့် KNU ဒေသရှိ ပြည်သူတွေဟာ မိမိနေရပ်တွေမှာ အေးချမ်းစွာမနေရတဲ့အပြင် ခြိမ်းခြောက်ဖိအားပေးတာနဲ့ အတင်းအဓမ္မ မဲပေး စေခိုင်းတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲစနစ်ကို ပြည်သူတွေ နားလည်ရခက်ခဲအောင်၊ သူတို့လိုချင်တဲ့ အဖြေရရှိအောင် မဲပေးနည်းစနစ်တွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားကို အလွဲသုံးစား လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တဖက်မှာလည်း စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ အကျဉ်းချ သတ်ဖြတ်တာ၊ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေတာပါ။
အဲဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေပါတယ်။
စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာရက္ခတပ်တော် (AA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားကြပြီး တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကေခိုင်


