
ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ ကုန်တင်ယာဉ်နဲ့ ကားအသေးအစီး ၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နိုဝင်ဘာ ၁၇ ရက်မှာ ရပ်စောက်ရဲစခန်းကို လွှဲပြောင်းလိုက်တယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
နမ့်လန်-ကျောက်ဂူ-အင်တော-ရပ်စောက် လမ်းကနေလာတဲ့ တရုတ်ကုန်ပစ္စည်းတွေ တင်လာတဲ့ ကုန်ကားတွေအပါ ကားအစီး ၅ဝ ကျော်ကို စစ်ကောင်စီရဲ့ ဗထူးတပ်နယ်က ဗျူဟာမှူးကိုယ်တိုင် နိုဝင်ဘာ ၁၃ ရက်က ဆင်းဖမ်းတာလို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “ကားတွေအားလုံးကို မနေ့က ရပ်စောက်ရဲစခန်းကို လွှဲပြောင်းလိုက်တယ်။ ကားကြီး၊ ကားလေး အားလုံးပါတယ်။ ကုန်ကားတွေ အများစုပါတယ်။ အဲဒီကားတွေက ပုံဝိုး ကျောက်ဂူဘက်က ကွင်းလာတဲ့ကားတွေ ကားသမားတွေကို မှတ်ပုံတင်တွေကအစ သိမ်းထားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အကြောင်းရင်း မသိရဘူး” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ နမ့်လမ်-သီပေါ-မိုင်းရယ်ဘက်တွေကို ပိတ်ထားသလို လူဝင်၊ လူထွက်တွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးကာ သီပေါမြို့အထွက် သီပေါ-လားရှိုး တံတားကိုလည်း ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ပိတ်ထားတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “အဲဒီဘက်လမ်းက ပွင့်တယ်ဆိုပြီး အရဲစွန့်မသွားကြပါနဲ့၊ တရုတ်ကုန်ပစ္စည်းပါတဲ့ ကားသေးများ၊ အိမ်စီးကားတွေကိုပါ ဖမ်းဆီးစစ်ဆေးနေတာပါ။ ဖမ်းတဲ့နေ့က လုံခြုံရေးအရဆိုပြီး ခရီးသည်နဲ့ ကားသမားတွေရဲ့ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နဲ့ စမတ်ကတ်ကအစ အကုန်သိမ်းသွားတာ။ ပြီးတော့ ကားတွေကို ရပ်စောက် ဗထူးတပ်ထဲကို မောင်းသွင်းသွားတယ်။ အဲဒီနေ့ကပဲ နမ့်လန်-ကျောက်ဂူလမ်းကို ပိတ်ထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ နောင်ချို၊ သီပေါနဲ့ ကျောက်မဲမြို့တွေကို ပြန်ထိန်းချုပ်ပြီးနောက်မှာ မန္တလေး–သီပေါ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ မန္တလေး–သီပေါ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားတာတွေ လုပ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်က မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေကနေ ဝင်လာတဲ့ တရုတ်ကုန်တွေကို တော်လှန်ရေးတပ်တွေက မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ တရားဝင် အခွန်ကောက်မယ်လို့ ကြေညာအပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဆင်းလာတဲ့ ကုန်ကားတွေကို စစ်ကောင်စီက သူတို့ထိန်းချုပ်ဒေသတွေမှာ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။


